လောင်စာဆီအကျပ်အတည်းကို အကြောင်းပြုပြီး ထိုင်းနိုင်ငံအတွင်း ကုန်စည်များ ဈေးတင်မရောင်းကြရန် ထိုင်းအစိုးရက သတိပေးလိုက်သည်။
အမေရိကန်အပါအဝင် အစ္စရေး-အီရန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် စစ်ရေးတင်းမာနေချိန် အစိုးရက သတိထား၍ ကိုင်တွယ်ဖြေရှင်းပေးနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း ညွှန်ကြားချက်များကို လိုက်နာကြရန် လိုအပ်ကြောင်း အစိုးရ ဒုတိယပြောခွင့်ရအမျိုးသမီးဖြစ်သူ Airin Phanthurit က ယနေ့တွင် ပြောကြားလိုက်သည်။
ကုန်ပစ္စည်းရောင်းဝယ်သူများနှင့် စီးပွားရေးသမားများအနေဖြင့် အရှေ့အလယ်ပိုင်းတိုက်ပွဲအခြေအနေများကို အခွင့်အကောင်းမယူဘဲ ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းဥပဒေကို လိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း အစိုးရက သတိပေးထားသည်။
ဝယ်ယူသူများကို အမြတ်ထုတ်နိုင်ရန် ကုန်ပစ္စည်းများကို သိုလှောင်၍ ဈေးတင်ရောင်းချခြင်းများကို ဥပဒေအရ တားမြစ်ထားကြောင်း ဖော်ပြသည်။
အကယ်၍ သတိပေးထားသည့်ကြားက အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ စျေးတင်ရောင်းချနေပါက ထောင်ဒဏ်အမြင့်ဆုံး ၇ နှစ် သို့မဟုတ် ငွေဒဏ် ဘတ်တစ်သိန်းလေးသောင်း အထိကျခံရမည်ဟုဆိုသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း ကုန်စည်နှင့် စားသောက်ကုန်များ လောက်ငှမှုရှိပြီး ဈေးနှုန်းမြှင့်တင်ရန် မလိုအပ်သေးကြောင်း အစိုးရ ဒုတိယပြောခွင့်ရအမျိုးသမီးက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုမလွန်ကဲကြရန်နှင့် ကုန်စည်များကို မသိုလှောင်ထားကြရန် ၎င်းက အသိပေးထားသည်။
အစိုးရက သတိပေးထားသည့်ကြားက လိုက်နာမှုမရှိဘဲ ဈေးကွက်ကို ဖျက်ရန်ကြိုးစားပြီး ဝယ်ယူသူများကို အမြတ်ထုတ်သူ မည်သူ့ကိုမဆို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထပ်လောင်း သတိပေးသည်။
အကယ်၍ ဥပဒေနှင့် မညီဘဲ လုပ်ဆောင်မှုများကို တွေ့ရှိပါက ပြည်တွင်းကုန်သွယ်ရေးဌာန၏ အရေးပေါ်ဖုန်းနံပါတ် ၁၅၆၉ သို့ဖြစ်စေ ခရိုင်စီးပွားရေးရုံးများသို့ ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်း တင်းမာမှုကြောင့် စက်သုံးဆီဆိုင်များတွင် ဆီဈေးတစ်ချို့ မြှင့်တင်သည့်အချိန် ထိုင်းအစိုးရက ၁၅ ရက်ကြာ ဆီဈေးကို တသတ်မှတ်တည်း သတ်မှတ်ရန် ညွှန်ကြားထားသည်။
Ref: Bangkok Post, Thairath







