ထားဝယ်မြို့တွင် ၂၀ လီတာ သောက်ရေသန့် လဲလှယ်ခမှာ ယခုသီတင်းပတ်အတွင်း ကျပ် ၂၀၀ ခန့်ထပ်တက်သွားပြီး တစ်ဘူး ၁၇၀၀ အထိပေးနေရကြောင်း သောက်ရေသန့်လုပ်ငန်း လုပ်ကိုင်သူများနှင့် မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
ယခင်က ထားဝယ်ဈေးကွက်တွင် ၂၀ လီတာ ဝင်ဆံ့သည့် သောက်ရေသန့်တစ်ဘူး၏ လဲလှယ်ခမှာ ၁၅၀၀ ကျပ်သာ ရှိရာမှ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ ၁၇၀၀ ကျပ် ဖြစ်သွားခြင်းဖြစ်သည်။
“ဆီဈေးတက်တယ်ဆို အခြားရေသန့်ဈေးတွေလည်း တက်နေကြတာပါ၊ ကျွန်မတို့က အခုမှ လိုက်တက်တာပါ” ဟု ရေသန့်လုပ်ငန်းလုပ်သည့် အမျိုးသမီးက ပြောသည်။
ထားဝယ်မြို့တွင် အောက်ဖြိုးပိုင်၊ မြင့်မိုရ်ဦး၊ Princess၊ မြနဒီ၊ ပွင့်သစ်၊ ရွှေမိ စသည့် သောက်ရေသန့် အမှတ်တံဆိပ် ခုနစ်မျိုးထက်မနည်း ရှိသည်။
ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကစပြီး မြနဒီနှင့် ပွင့်သစ် သောက်ရေသန့် လဲလှယ်ခများ ဈေးတက်နေခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“မြနဒီ ရေတစ်ဘူးလဲခ ခုတစ်ပတ်ထဲပဲ ၁၇၀၀ ဖြစ်သွားပြီ၊ အရင်က ၁၅၀၀ ပဲရှိတယ်” ဟု ယင်းအမျိုးသားက ပြောသည်။
အမေရိကန်၊အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် မြန်မာနိုင်ငံတွင်လည်း လောင်စာဆီ အခက်အခဲများ ကြုံတွေ့နေရပြီး တနင်္သာရီတိုင်း၏ မြို့ကြီးများတွင် မတ်လ ၂ ရက်နေ့မှစကာ ဓာတ်ဆီ ဈေးတက်ခြင်းနှင့် ပြတ်လပ်မှုများ ရှိလာသည်။
မတ်လ ၃ ရက်နေ့ ထားဝယ်စက်သုံးဆီဈေးကွက်တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၄၀၀ နီးပါး နေ့ချင်း မြင့်တက်သွားသည်။
စက်သုံးဆီစျေးမြင့်တက်လာမှုနှင့်အတူ ရေသန့်စျေးနှုန်းများလည်း တိုးမြင့်လာခြင်းဖြစ်ကြောင်း ရေသန့်လုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။







