အီရန်နိုင်ငံအတွင်း လူထုအုံကြွမှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကာ့ဒ်သူပုန်တပ်ဖွဲ့ကို လက်နက်တပ်ဆင်ပေးရန် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)က လုပ်ဆောင်နေကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
အီရန်အတိုက်အခံအဖွဲ့များနှင့် အီရတ်နိုင်ငံရှိ ကာ့ဒ်သူပုန်တပ်ဖွဲ့ခေါင်းဆောင်များထံ စစ်ရေးအကူအညီများ ပေးအပ်ရန်အတွက် ထရမ့်အစိုးရက ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းလည်း ယင်းသတင်းတွင် ဖော်ပြသည်။
အီရန်ရှိ ကာ့ဒ်သူပုန်လက်နက်ကိုင်အဖွဲ့များသည် အီရတ်-အီရန် နယ်စပ်တစ်လျှောက်၊ အဓိကအားဖြင့် အီရတ်နိုင်ငံရှိ ကာ့ဒ်ဒေသတွင် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာဖြင့် ဖြန့်ကျက်လှုပ်ရှားလျက် ရှိသည်။
အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်(IRGC) သည် ကာ့ဒ်သူပုန်လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်လျက် ရှိသည်။
အင်္ဂါနေ့တွင် အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်(IRGC)က ကာ့ဒ်သူပုန်လက်နက်ကိုင်အဖွဲ့များကို ဒရုန်းများစွာဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင်ပင် အီရန်ကာ့ဒ်ဒီမိုကရက်တစ်ပါတီ (KDPI) ဥက္ကဋ္ဌ မူစတာဖာ ဟစ်ဂျရီနှင့် ဖုန်းပြောဆိုဆွေးနွေးခဲ့ကြောင်း အီရန်ရှိ ကာ့ဒ်သူပုန် လက်နက်ကိုင်အဖွဲ့တစ်ခုမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
အီရန်ကာ့ဒ်ဒီမိုကရက်တစ်ပါတီ (KDPI)သည် အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရသည့် အဖွဲ့များထဲမှ တစ်ခုဖြစ်သည်။
အီရန်ကာ့ဒ်သူပုန်အဖွဲ့များသည် လာမည့်ရက်ပိုင်းအတွင်း အီရန်နိုင်ငံအနောက်ပိုင်း၌ မြေပြင်ထိုးစစ်တွင် ပါဝင်ဆောင်ရွက်ဖွယ်ရှိကြောင်း အဆိုပါ အီရန်ကာ့ဒ်သူပုန်အဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက CNN သတင်းဌာနကို ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့တွင် သမ္မတထရမ့်က အီရန်နိုင်ငံအတွင်း အမေရိကန်၏ စစ်ဆင်ရေးများနှင့် ပတ်သက်၍ အီရတ်နိုင်ငံရှိ ကာ့ဒ်သူပုန်ခေါင်းဆောင်များနှင့် ဖုန်းဆက်သွယ်ဆွေးနွေးခဲ့သည်။
အီရန်နိုင်ငံအတွင်း အမေရိကန်၏ စစ်ဆင်ရေးများ ရှေ့ဆက်လုပ်ဆောင်ရာတွင် အမေရိကန်နှင့် ကာ့ဒ်သူပုန်တပ်ဖွဲ့များ မည်သို့ပူးပေါင်းဆောင်ရွက်နိုင်မည်နှင့် ပတ်သက်၍ ထရမ့်က ဆွေးနွေးခဲ့ကြောင်း အမေရိကန်အရာရှိနှစ်ဦးနှင့် ယင်းကိစ္စရပ်အား သိရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Axios သတင်းဌာနက ဖော်ပြသည်။
Source: CNN







