ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် စက်သုံးဆီဆိုင်အချို့ ပိတ်ထား

March 4, 2026

ပုံစာ - ပေါင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ခုတွင် ယနေ့ မတ်လ ၄ရက် နံနက်က ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသူများ။ ဓာတ်ပုံ - ဒေသခံတစ်ဦး

မွန်ပြည်နယ်ရှိ မြို့နယ်များတွင် စက်သုံးဆီဝယ်ယူသူ များနေပြီး စက်သုံးဆီဆိုင်အချို့ ပိတ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ် အစရှိသည့် မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ယမန်နေ့ မတ်လ ၃ ရက် ညနေပိုင်းကစပြီး ပြည်သူများတန်းစီပြီး စက်သုံးဆီ ဝယ်ယူနေကြကြောင်း မြို့ခံများက ဆိုသည်။

စက်သုံးဆီ ဝယ်ယူသူများလာသည့်အတွက် ဆီဆိုင်အချို့ အကန့်သတ်ဖြင့် ရောင်းချနေကြသလို ဆိုင်အချို့ကလည်း အရောင်းအဝယ်ပိတ်ထားကြောင်း ၎င်းတို့က ပြောဆိုသည်။

“မနေ့ညနေလောက်ကစပြီး စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီဝယ်ဖို့ တန်းစီနေကြတယ်။ ဒီမနက်ဆိုရင်လည်း ဆိုင်တွေ မဖွင့်ခင်ကတည်းက တန်းစီစောင့်ဆိုင်းနေကြတယ်။ တချို့ ဆီဆိုင်တွေကတော့ ပိတ်ထားကြတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

စက်သုံးဆီများ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူသူများလာသည့်အချိန်တွင် စက်သုံးဆီစျေး အနည်းငယ်မြင့်တက် လာသော်လည်း စျေးအဆမတန် တင်ရောင်းခြင်း မရှိသေးကြောင်း မြို့ခံများက ဆိုသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ၉၂ တစ်လီတာ ၂၇၀၀ ဝန်းကျင်၊ ၉၅ တစ်လီတာ ၂၈၀၀ ဝန်းကျင်ရှိပြီး ဒီဇယ်တစ်လီတာ ၃၀၀၀ ကျော် စျေးရှိနေကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

အီရန်ကို အမေရိကန်နှင့် အစ္စရေးတို့ တိုက်ခိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးကွက်အပေါ် ကြီးကြီးမားမား ရိုက်ခတ်မှု ရှိလာခဲ့သည်။

ထိုအခြေအနေတွင် ထိုင်းနိုင်ငံက မြန်မာအပါအဝင် ပြည်ပသို့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်အပြင် မြန်မာနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပြီး စက်သုံးဆီများ တန်းစီဝယ်ယူနေကြသည်။