ထိုင်းအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူဟု စွပ်စွဲခံရသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးအား မြန်မာနိုင်ငံသို့ မှားယွင်းပို့ဆောင်မိသဖြင့် ထိုင်းရဲတပ်ဖွဲ့က ၎င်းအမျိုးသားအား ပြန်လိုက်နေကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဆက်သွယ်ရေးပိုင်း အမှားအယွင်းတစ်ခုကြောင့် ယင်းသို့ မှားယွင်းပြန်ပို့မိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
ယင်းမှာ ရည်ရွယ်ရှိရှိ လုပ်ဆောင်မှုလော သို့မဟုတ် ပေါ့ဆမှုကြောင့်လောဆိုသည်ကို စုံစမ်းစစ်ဆေးကာ ပါဝင်ပတ်သက်သူများအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။
ယမန်နှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၌ ထိုင်းအမျိုးသမီးတစ်ဦးက သူမ၏ မိခင်ဖြစ်သူအား မြန်မာအလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များထံ တိုင်ကြားခဲ့သည်။
အဆိုပါ အမှုတွင် သံသယရှိသူ မြန်မာအလုပ်သမား ကိုထွန်းသာအောင်အား နိုဝင်ဘာ ၁၅ ရက်တွင် မဲဆောက်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းပေးခဲ့သည်။
၎င်းမှာ လူသတ်မှု သံသယတရားခံဖြစ်သဖြင့် ၎င်းအား ပြည်နှင်ဒဏ်ပေးခြင်းကို ဆိုင်းငံ့ထားရန် ရဲတပ်ဖွဲ့က ထိုနေ့၌ပင် မဲဆောက်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးသို့ စာပို့အကြောင်းကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ထိုအချိန်က ကိုထွန်းသာအောင်၏ အမှုနှင့် ပတ်သက်၍ မျိုးဗီဇ (DNA) စစ်ဆေးချက်အဖြေများကို စောင့်ဆိုင်းနေရသဖြင့် ၎င်းအား ဖမ်းဝရမ်း မထုတ်ရသေးကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။
ဒီဇင်ဘာလ ၁၈ ရက်တွင် ဖမ်းဝရမ်းဖြင့် သွားရောက်ဖမ်းဆီးရာ ကိုထွန်းသာအောင်မှာ လွန်ခဲ့သည့် တစ်လခန့်ကတည်းက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံလိုက်ရပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သိရှိခဲ့ရသည်။
နိုဝင်ဘာလ ၁၆ ရက်တွင် ကိုထွန်းသာအောင် အပါအဝင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၅၀ ဦးကို ပြည်နှင်ဒဏ် ပေးခဲ့ပြီး ဆိုင်းငံ့စာ တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးအရာရှိများက အခိုင်အမာ ငြင်းဆို ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ကိုထွန်းသာအောင်အား ထိုင်းနိုင်ငံတွင် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်တရားစွဲဆိုနိုင်ရန် မြန်မာအာဏာပိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။
Source: Bangkok Post







