ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ကားတစ်စီး ဘီးပေါက်ပြီး လမ်းဘေးမြောင်းထဲသို့ ထိုးဆင်းခဲ့သဖြင့် မြန်မာနိုင်ငံသားကိုးဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၇ နာရီခန့်တွင် ရတ်ချ်ဘူရီခရိုင် ပါထောဒေသရှိ လမ်းဘေးမြောင်းထဲသို့ ကားတစ်စီး ရုတ်တရက် ထိုးဆင်းသွားသဖြင့် အနီးရှိ ပြည်သူများက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအခါ ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦး စုစုပေါင်း ကိုးဦး သေဆုံးနေသည်ကို တွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။
သေဆုံးသူများ၏ ညာဘက်လက်ကောက်ဝတ်များတွင် အပြာရောင် ပလပ်စတစ်ကြိုး အမှတ်အသားများ ဝတ်ဆင်ထားပြီး ယင်းအမှတ်အသားများသည့် ၎င်းတို့သွားမည့် ခရီးစဉ်ကို သတ်မှတ်ထားခြင်းဖြစ်ကြောင်း ဆိုသည်။
ကားသည် အလေးချိန်များသဖြင့် ဘီးပေါက်သွားခဲ့ရာ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးဆည်မြောင်းထဲသို့ ထိုးဆင်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။



ကားမတော်တဆမှုဖြစ်ဖြစ်ချင်း ကားသမားနှင့် မြန်မာနိုင်ငံသား ခြောက်ဦး ကားထဲမှ ထွက်လာပြီး မြောင်းဘေးသို့ ကူးခတ်လာခဲ့ကာ နောက်ထပ် ကားတစ်စီးပေါ်သို့ လိုက်ပါထွက်ပြေးသွားခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူများက ပြေဆိုထားသည်။
ထို့ကြောင့် ကားပေါ်တွင် ကားသမားနှင့် မြန်မာနိုင်ငံသား ၁၅ ဦး လိုက်ပါလာကြောင်း ကနဦး သတ်မှတ်ထားပြီး ကားသမား၏ အချက်အလက်များကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် သေဆုံးသူများ၏ အလောင်းများကို ရတ်ချ်ဘူရီဆေးရုံသို့ ပို့ဆောင်ထားပြီး ထွက်ပြေးလွတ်မြောက်သူများကို လိုက်လံဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: CH 7, Matichon Online







