ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်၊ အရပ်သားသုံးဦး ဒဏ်ရာရ

December 3, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ယမန်‌နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ကျောင်းရွာကျေးရွာအခြေစိုက် စစ်အာဏာရှင် ခမရ ၅၉၁ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

လက်နက်ကြီးတစ်လုံးသည် လူနေအိမ်ကြား ကျရောက်ပေါက်ကွဲခဲ့ပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“တိုက်ပွဲက ၅၉၁ ဘက်မှာ ဖြစ်တာ။ အဲဒီဘက်မှာ ပစ်ခတ်ကြပြီးတော့ ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် လှမ်းပစ် တာ။ လက်နက်ကြီး(ကျည်)တွေက အိမ်ကြားမှာကျကွဲတယ်။ အိမ်ပေါ်တည့်တည့်ကျတာ မဟုတ်လို့ပေါ့၊ အိမ်ပေါ်တည့်တည့် ကျရင် အကုန်သေကုန်မှာ။ အခုက ကျည်စထိမှန်သွားတာလောက်ပဲ၊ အိမ်တွေလည်း ထိတယ်” ဟု ၎င်းက ပြောသည်။

ကျည်စထိမှန် ဒဏ်ရာရရှိသွားသူများမှာ ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ခမရ ၅၉၁ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေသည့်အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေသလို ကျောင်းရွာကျေးရွာဘက်ကို စစ်အာဏာရှင် စစ်ကြောင်း ထိုးနေသည့်အတွက်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ခမရ ၅၉၁ တပ်ရင်းကို ရေးဘီလူးအဖွဲ့က RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

စစ်အာဏာရှင်က ရေးမြို့နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေများ ပြန်လည် ရရှိနိုင်ရေး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည်။

တစ်ဖက်တွင်လည်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က စစ်အာဏာရှင် စစ်ကြောင်းများကို ကြားဖြတ် တိုက်ခိုက်နေသည့်အပြင် တပ်ရင်း၊ တပ်စခန်းများ ဝင်ရောက်တိုက်ခိုက်ကိုလည်း ဆက်တိုက်လုပ်ဆောင်နေသည်။