BREAKING
December 3, 2025

ထိုင်းက မြန်မာ ၁၀၀ ကျော်ကို စစ်ကော်မရှင်ထံလွှဲအပ်၊ ယခုနှစ်အတွင်းပြန်ပို့ခံရသူ နှစ်ထောင်ကျော်ရှိ

December 3, 2025

ဓာတ်ပုံ - ပေးပို့

မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သားစုဆောင်းခံနေရချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ယနေ့ ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူ တစ်ဦးထံမှသိရသည်။

ပြီးခဲ့သော နိုဝင်ဘာလက မြန်မာနိုင်ငံသား ၁၃၇ ဦးကို နှစ်ကြိမ်ခွဲပို့ပြီးနောက် ယခု ဒီဇင်ဘာလတွင် ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၁၀၄ ဦးကို ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၅ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၂၀၀၁ ဦး ရှိလာပြီဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လတွင် နှစ်ကြိမ် ၂၂၉ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် နှစ်ကြိမ် ၂၉၂ ဦး၊ အောက်တိုဘာလတွင် ၉၀ ဦးနှင့် နိုဝင်ဘာလတွင် နှစ်ကြိမ် ၁၃၇ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံသား ၂၀၀၅ ဦး အထိ ပြန်လည်ပို့ဆောင်ခဲ့သည်။

နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူက ပြောသည်။

စစ်ကော်မရှင်ကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများကို စစ်မှုထမ်းအသက်တွင် အကျုံးဝင်ပါက ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။