ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ခရိုင် ဒူးရင်းခြံထဲတွင် လျှပ်စစ်မီးတိုင်ထူနေစဉ် မြန်မာအလုပ်သမား ၁ ဦး ဓါတ်လိုက်သေဆုံးခဲ့ပြီး ထိုင်းအလုပ်သမား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲက တရတ်မြို့ ဝမ်ကရာ့ကျဲဒေသရှိ ဒူးရင်းခြံထဲတွင် မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမားများ မီးတိုင်ထူနေစဉ် အလုပ်သမား နှစ်ဦး ဓါတ်လိုက်ခဲ့ခြင်းဖြစ်သည်။
အလုပ်သမားများက လျှပ်စစ်မီးတိုင်ကို အတူတူ မထူနေကြစဉ် မီးတိုင်ထိပ်ရှိ သံချောင်းက လျှပ်စစ်ဗို့အား ၂၂၀၀၀ ရှိသော မီးကြိုးကို သွားထိခဲ့သဖြင့် ဓါတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာအလုပ်သမား ၁ ဦးနှင့် ထိုင်းအလုပ်သမား ၁ ဦး ဓါတ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြောင်း သိရသည်။




ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသောအချိန် အသက် ၄၅ နှစ်အရွယ် ကိုမျိုးချိုလင်းအမည်ရှိ မြန်မာအလုပ်သမားကို အရေးပေါ်ကယ်ဆယ်ရေး CPR ပြုလုပ်ပေးပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သော်လည်း တစ်နာရီကျော်အကြာတွင် သေဆုံးသွားခဲ့သည်။
ထိုင်းအလုပ်သမားမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများကဆိုသည်။
အခင်းဖြစ်သောအချိန် ဓါတ်အား ဆက်လက်စီးဆင်းနေမည်ကို စိုးရိမ်သဖြင့် အခြားအလုပ်သမားများက ချက်ချင်း ဝင်မကူရဲကြဘဲ စိတ်ချရသော အနေအထားဖြစ်မှသာ ဝင်ကူညီခဲ့ကြကြောင်း မျက်မြင်သက်သေများ၏ ဖြေကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။
Ref: Top News, Khaosod







