BREAKING
November 3, 2025

ဟိုဘက်ကမ်းက မီးထိန်ထိန်

November 3, 2025

တန်ဆောင်မုန်းလဆန်း၏ ဆောင်းဦးကာလ ဖြစ်သော်လည်း၊ ကောင်းကင်းယံက တိမ်စိုင်မည်းညစ်ညစ်တို့က မကင်းစင်သေး။

ခါလွန်မိုးစက်တို့ တဖွဲဖွဲကျနေချိန်မှာပင် ခပ်ဝေးဝေး ထားဝယ်မြို့လယ်ဆီမှ ခမ်းနားထည်ဝါစွာ တန်ဆာဆင်ထားသည့် ဖျော်ဖြေရေးပွဲတော်မှ အသံများက ပျံ့လွင့်လာသည်။

ရောင်စုံလျှပ်စစ်မီးများ ထိန်ထိန်လင်းနေသော ကမ်းနားလမ်း၊ မြို့လယ်ခေါင် ရွှေတောင်စားစေတီသွား လမ်းမကြီးများပေါ်တွင် ပရိသတ်တို့ တိုးမပေါက်အောင် စည်ကားလျက်၊ မီးပုံးပျံတစ်ထောင် လွှတ်တင်မည်ဆိုပြီးလည်း ကြေညာထားသေးသည်။

“ခါတိုင်းနှစ်တွေနဲ့ လုံးဝမတူ၊ ဒီနှစ် လမ်းပိတ်တဲ့အထိ စည်ကားတယ်” ဟု လက်ကိုင်ဖုန်းထဲမှတစ်ဆင့် ကြားလိုက်ရသည့် မြို့ခံမိတ်ဆွေ၏ ဖောက်သည်ချစကားသံက မိမိရင်ဝသို့ အမျိုးအမည်မသိသော ဝေဒနာတစ်ခုကို ရိုက်ခတ်သွားစေသည်။

ထိုဝေဒနာမှာ ခါးသီးသော မတရားမှုများကို မြင်တွေ့နေရခြင်းကြောင့် နာကျင်ခြင်း ဖြစ်တန်ရာသည်။

၂၀၁၉ ကိုဗစ်ကာလနှင့် ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း သုံးနှစ်တိတိ ပျောက်ဆုံးခဲ့သော ညဘက်တန်ဆောင်တိုင်ပွဲတော် မြင်ကွင်းကို ယခုနှစ်တွင် ပထမဆုံးအကြိမ် ပြန်လည်အသက်သွင်းလာခြင်း ဖြစ်သည်။

ယခုနှစ် ထားဝယ်တန်ဆောင်တိုင်ပွဲတော်တွင် ထူးခြားချက်အချို့တွေ့ရသည်။

ပထမအချက်မှာ စစ်အုပ်စုက ကျင်းပမည့်ရွေးကောက်ပွဲနီးကပ်လာချိန် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့ပေါ်နေရာများကို ပျော်ပွဲရွှင်ပွဲများ ဖန်တီးကာ စည်ကားဟန်ပြလာခြင်းဖြစ်သည်။

စစ်အုပ်စုက ရွေးကောက်ပွဲဟူသော ဇာတ်လမ်းကို အပိုင်းဆက်ရိုက်ကူးရန် ပြင်ဆင်နေချိန်ဖြစ်သည်။

ထားဝယ်၊ မြိတ်၊ ကော့သောင်း ဟူသော ခရိုင်မြို့ကြီးသုံးခုမှာ ထိုရွေးကောက်ပွဲအတွက် အခရာကျသော မြို့များ ဖြစ်သည်။

ထို့ကြောင့် ဤတန်ဆောင်တိုင်ပွဲတော်သည် စစ်အုပ်စု၏ မူယာမာယာများဖြင့် ပြည်သူ့စိတ်ကို ဖမ်းစားကာ၊ ပုံမှန်အခြေအနေသို့ ပြန်ရောက်ပြီဟု ဟန်ပြလိုသည့် နိုင်ငံရေး ‘မျက်လှည့်’ တစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်သည့်အပြင် ၎င်းတို့၏ စည်းရုံးရေးဗျူဟာကို အသုံးချမည့် အချိန်ကိုက် ပျော်ရွှင်မှုပေးသည့် ပွဲတော်တစ်ခုလည်းဖြစ်နိုင်သည်။

ထို့အတွက် ပွဲတော်ကာလ ညမထွက်ရမိန့်ကိုလည်း တိုင်းစစ်ကော်မရှင်က ပယ်ဖျက်ပေးထားသေးသည်။

သို့သော်အခြားတစ်ဖက်တွင်မူ ညဘက်နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လိုက်ရမည်ကို စိုးရိမ်နေသူအချို့ရှိသည်။အထူးသဖြင့် အဓမ္မစစ်မှုထမ်း စုဆောင်းခံရနိုင်သည့် လူငယ်များဖြစ်သည်။

ဘုရားပွဲကျင်းပခါနီး ထားဝယ်မြို့၏ မြို့မိ၊ မြို့ဖတစ်ဦးဖြစ်သူ ဦးကျော်‌ကျော်ဦးဆိုသူ ၎င်း၏နေအိမ်အနီးတွင်ပင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းကလည်း မြို့ခံများ၏ စိုးရိမ်စိတ်ကို ပိုမိုမြင့်တက်စေခဲ့သည်။

နောက်ဆုံးထူးခြားချက်မှာ ထားဝယ်၊ မြိတ်၊ ကော့သောင်းကဲ့သို့ စစ်အုပ်စုထိန်းချုပ်ထားသည့် မြို့ထဲတွင် တန်ဆောင်တိုင်ပွဲတော်ကို ရောင်စုံလျှပ်စစ်မီးများဖြင့် အထူးတန်ဆာဆင်ကာ အလှဆင်ထားသည်ကိုတွေ့ရသည်။

သို့သော် ဤ ‘ထိန်ထိန်ညီး’ နေသော မြို့တော်၏ မြင်ကွင်းနှင့် ဆန့်ကျင်ဘက် အမှန်တရားတစ်ခု ရှိနေသည်။

ထားဝယ်မြို့နှင့် မြစ်တစ်စင်းသာခြားသည့် လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်အရှေ့တောရှိ ထောင်နှင့်ချီသော ပြည်သူတို့မှာ လပေါင်းများစွာ၊ အချို့ကျေးရွာများဆိုလျှင် နှစ်ချီကြာအောင် လျှပ်စစ်မီးမရဘဲ အမှောင်ထုထဲ နေထိုင်နေကြရခြင်းဖြစ်သည်။

အမှောင်ထဲမှနေ၍ မြို့တော်၏ ရောင်စုံအလင်းများကို လှမ်းငေးနေရကြရသည်။

လျှပ်စစ်မီးမရှိသဖြင့် မီးသွေးခဲသုံး ကြေးမီးပူအိုးတို့ကို အားကိုးနေရသည့် အိမ်ရှင်မများ၊ ရေတင်ရန် မီးစက်ငှားရမ်းရသူများ၊ ဖုန်းအားသွင်းရန် တန်းစီနေရသူများ၏ ဘဝကို မြို့ထဲက လျှပ်စစ်မီးများက သရော်နေသယောင်ပင်။

မြို့ထဲတွင် ရောင်စုံမီးများအောက် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေချိန်၊ မြို့ပြင်ကျေးရွာများတွင်မူ တိုက်ပွဲများအတွင်းက ပစ်ခတ်သည့် လက်နက်ကြီး အသံများက ဆူညံနေဆဲ။

တစ်ဘက်ကမ်းတွင် ပျော်ရွှင်မြူးတူးသံများ လွှင့်ပျံနေချိန် ဤဘက်ကမ်းတွင် စစ်ဘေးသင့်ပြည်သူတို့၏ ငိုယိုညည်းတွားသံများက ကမ္ဘာပျက်မတတ် ပွက်လောထနေသည်။

သိုသော် စစ်အာဏာရှင်နှင့် အပေါင်းအပါတစ်စုကမူ ပြည်သူလူထုအမှန်တကယ် ကြုံတွေ့နေရသော ခါးသီးသည့် ဘဝအခြေအနေများကို မြို့ပေါ်မီးရောင်စုံကွက်ကွက်ကလေးအောက်က ပျော်ပွဲရွှင်ပွဲများဖြင့် ဖုံးလွှမ်းလိုက်ရန် ကြိုးစားနေသည်။

ဆင်သေကို ဆိတ်ရေနှင့်ဖုံး ရန်ကြိုးစားသည့် စစ်အာဏာရှင်တစ်စု၏ လှည့်ကွက်အောက်တွင် တစ်ဘက်ကမ်းက မီးထိန်ထိန်လင်းနေသော်လည်း အမှောင်ထုကြားက ဖယောင်းတိုင်ငယ်လေး သာသာပင်ဖြစ်မည်။

ဖယောင်းတိုင် မီးမှိန်သွားချိန်တွင်တော့ အမှောင်ထုအောက် အားလုံးကျရောက်သွားရပေဦးမည်။

နောန်ပြည့်ဝ