ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ထားသော မြန်မာနိုင်ငံသား ၁၆ ဦးသည် တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ပြန်လည်ဝင်ရောက် လာစဉ် ချွန်ဖော်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် ထပ်မံဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ နိုဝင်ဘာဘာလ ၃ ရက်က ချွန်ဖော်မြို့ အာရှလမ်းမကြီးပေါ် မောင်းနေသော ကားတစ်စီးကို ရဲတပ်ဖွဲ့များက မသင်္ကာ၍ စစ်ဆေးရာမှ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
မြန်မာနိုင်ငံသား ၁၆ ဦးသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီသို့ တရားမဝင် ဝင်ရောက်လာကြပြီး မလေးရှားသို့ သွားရောက်ရန် ထိုင်းတောင်ပိုင်းလာစဉ် အဝေးပြေးလမ်းမကြီးပေါ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို စစ်ဆေးရာ တရားမဝင် ဝင်လာမှုကြောင့် အောက်တိုဘာလ ၂၆ရက်က ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ရတ်တဖူဒေသတွင် ဖမ်းဆီးခံရဖူးသူများဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
၎င်းတို့ကို အောက်တိုဘာ ၃၀ ရက်က ထိုင်းအစိုးရက ကန်ချနဘူရီနယ်စပ်မှတစ်ဆင့် ဘုရားသုံးဆူဘက်သို့ နေရပ်ပြန်လည် ပို့ဆောင်ထားသူများဖြစ်ကြောင်း ဖော်ပြသည်။
နေရပ်ပြန်ပို့ပြီး သုံးရက်အကြာတွင် ထိုင်းနိုင်ငံသို့ တရားမဝင် ပြန်လည်ဝင်ရောက်လာပြီး မလေးရှားသို့ သွားရန်ကြိုးပမ်းစဉ် လမ်းတွင် မြန်မာကားသမားနှင့်အတူ ထပ်မံ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများကို ဆင်ခွန်းနယ်စပ်ဂိတ်နားမှတစ်ဆင့် တစ်ဦးလျှင် ဘတ် ၁၀၀၀ ဖြင့် မလေးရှားနယ်စပ်သို့ ပို့ဆောင် ပေးရန် ပွဲစားတစ်ဦးက ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ကားသမားက ထွက်ဆိုထားသည်ဟု ဖော်ပြသည်။
မြန်မာကားသမားသည် ယခင်က ဆောက်လုပ်ရေးလုပ်ငန်းတွင် ဘာသာပြန်လုပ်ကိုင်ဖူးသော်လည်း လူပို့ဆောင်သည့်အလုပ်မှာ ဝင်ငွေကောင်းသဖြင့် အဆိုပါအလုပ်ကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကလည်း မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် တစ်ဦးလျှင် ဘတ် ၂၀၀၀၀ အကုန်အကျခံ၍ ထပ်မံဝင်ရောက်လာကြကြောင်း ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံသား ကားသမားနှင့်အတူ တရားမဝင် ဝင်ရောက်လာသူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: CH 7, Thai News







