ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၂ ရက် ညက စိုင်ယွတ်ဒေသထဲသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာသည်ဟု သတင်းရရှိသဖြင့် ဂိတ်ချစစ်ဆေးနေရာမှ မသင်္ကာဖွယ်ရာ ကားလေးစီးကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၄၂ ဦး လိုက်ပါလာပြီး အားလုံးတွင် တရားဝင် ခရီးသွားခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဆိုသည်။
၎င်းတို့နှင့်အတူ မြန်မာနိုင်ငံသား ကားမောင်းသမား လေး ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူမှတစ်ဆင့် စန်ခရာဘူရီဒေသထဲသို့ တရားမဝင် ဝင်လာကြပြီး လှေ၊ ကားများဖြင့် ဆက်တိုက် ခရီးဆက်ခဲ့ကြောင်း ဖော်ပြသည်။
၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများကို ဘတ် ၁၂၀၀၀ မှ ၂၀၀၀၀ အထိ ပေးချေရမည် ဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများကို စန်ခရာဘူရီ မွန်ဈေးမှတစ်ဆင့် စမွတ်စခွန်သို့ ပို့ဆောင်ရန် ခေါ်ဆောင်လာခြင်းဖြစ်ပြီး ပို့ဆောင်မှု အတွက် ဘတ် ၉၀၀၀ ရရှိမည်ဖြစ်ကြောင်း ကားသမားများက ထွက်ဆိုထားသည်ဟု ဖော်ပြသည်။
ဖမ်းမိသော မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူနိုင်ရေး စိုင်ယွတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသား ၁၂၀၀ နီးပါးအထိ ဖမ်းဆီးခံခဲ့ရကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။
Ref: Kanchanaburi News, MGR Online







