မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်း-ကော့ပနောလမ်းဆုံရှိ DKBA စစ်ဆေးရေးဂိတ်ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ (စက်တင်ဘာ ၂) ညနေ ၄ နာရီဝန်းကျင်ခန့်က DKBA စစ်ဆေးရေးဂိတ်ကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာတွင် ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ကားတစ်စီးပေါ် ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ခရီးသည်တင်ကားပေါ် ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ကားပေါ် လိုက်ပါလာသည့် ခရီးသည်အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး အမျိုးသမီးများအပါအဝင် အခြားသော ခရီးသည် ၁၀ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ခရီးသွားကားပေါ့ ဘုရားသုံးဆူကနေ ဆင်းလာတဲ့ကားတစ်စီးပေါ် ကျကွဲသွားတာ။ ကားပေါ်ကလူတွေ ထိတယ်။ သေသွားတာက တစ်ယောက်၊ ကျန်တာ ဒဏ်ရာရကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒရုန်းဗုံးထိမှန်သွားသည့် ခရီးသည်တင်ကားသည် အဘုရားသုံးဆူမှ မော်လမြိုင်သို့ ပြေးဆွဲနေသည့် ကြယ်တံခွန် ခရီးသည်တင်ကားဖြစ်ပြီး၊ အဆိုပါ ခရီးသည်တင်ကားနှင့်အတူ အိမ်စီးကားတစ်စီးလည်း ဗုံးထိမှန်သွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ကျိုက်မရောဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
ကျိုက်မရောမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခြင်းများလည်း ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံတို့က ပြောသည်။