ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မုဒုံတွင် စရဖ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်သတ်

September 3, 2025

မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွှေဟင်္သာ‌စျေးရှေ့ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်ဝင်တစ်ဦးကို မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်သဖြင့် သေဆုံးကြောင်း အဆိုပါပူးပေါင်းတပ်နှင့် မြို့ခံများထံမှ သိရသည်။

မုဒုံမြို့၊ မြို့မ (၃) ရပ်ကွက်တွင်နေထိုင်သည့် စရဖတပ်ဖွဲ့ဝင် ကိုမျိုး စက်တင်ဘာ ၁ ရက် ည ၇ နာရီခန့်က ဆိုင်ကယ်ဖြင့် ထွက်လာချိန် လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

အသက် ၅၀ နှစ်အရွယ် အဆိုပါတပ်ဖွဲ့ဝင်သည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။

“သူက ဆိုင်ကယ်နဲ့ တစ်ယောက်တည်း ထွက်လာချိန်မှာ အနောက်ကနေ ပစ်ထည့်သွားတာ။ ပစ်ခံထိတော့ အဲဒီနေရာမှာပဲ ဆိုင်ကယ်လဲကျသွားပြီးတော့ ပွဲချင်းပြီး ဖြစ်သွားတယ်။ သူက စရဖ ဖြစ်တယ်” ဟု မုဒုံမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

စရဖ တပ်ဖွဲ့ဝင် ကိုမျိုးကို မုဒုံမြို့နယ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စရဖ တပ်ဖွဲ့ဝင် ပစ်သတ်ခံရပြီးနောက် မုဒုံမြို့ပေါ်တွင် စစ်အာဏာရှင်တပ်က လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုလည်း တင်းတင်းကျပ်ကျပ်လုပ်ဆောင်နေကြောင်း မြို့ခံများက ပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ၊ စရဖများအပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးဆိုသူများ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။