မွန်ပြည်နယ်ထဲရှိ စစ်အာဏာရှင်ကို တော်လှန်နေသော တမိလ်၊ ဘင်္ဂလီ စသော လူနည်းစုများကိုလည်း လူမျိုးအဖြစ် အသိအမှတ်ပြုခံရရေး ယနေ့ ဇွန်လ ၃ ရက်နေ့တွင် အွန်လိုင်းပေါ်မှတစ်ဆင့် ကမ်းပိန်းပြုလုပ်ခဲ့ကြကြောင်း ကမ်ပိန်းကို ဦးဆောင်သူများထံမှ သိရသည်။
မွန်ပြည်နယ် ရာမညဒေသထဲတွင် အဓိကနေထိုင်ကြသော မွန် ၊ ကရင် ၊ ဗမာ ၊ ပအိုဝ် စသောလူမျိုးစုများကိုသာ လူမျိုးအဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်ကြောင်း ဦးဆောင်သူက ပြောသည်။
၎င်းတို့နှင့်အတူ တမိလ်၊ ကျူလီယာ၊ တလေဂူ၊ ဘင်္ဂလီ၊ စူရ်တီ၊ မေမန်၊ ပထန်၊ ဟင်ဒူစတန်နီ၊ ပသျူး၊ ဆစ်ခ်၊ မဂိုသျှီအာ၊ ဘာဘူ၊ ဂူဂျရာတီ နှင့် တခြားလူနည်းစုများလည်း အတူယှဉ်တွဲနေထိုင်ကြသော်လည်း ခေတ်အဆက်ဆက် အစိုးရများက လူမျိုးအဖြစ် အသိအမှတ်မပြုသဖြင့် K-Word (ကလယ်/ကုလား) များအဖြစ်သာ သုံးနှုန်းသုံးစွဲခဲ့ကြကြောင်း ဦးဆောင်သူများထံမှ သိရသည်။
ထို့ကြောင့် စစ်အာဏာရှင်ကို လူမျိုးအားလုံး စုပေါင်း တော်လှန်ကြရင်း ၎င်းတို့ လူနည်းစုများလည်း လူမျိုးတစ်ခုအဖြစ် အသိအမှတ်ပြုခံရရေးနှင့် လူနည်းစုများကလည်း ကိုယ်တိုင်သတ်မှတ်ကြပြီး တည်ဆောက်ကြဖို့ တိုက်တွန်းသည့် ကမ်ပိန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးက ပြောသည်။






“ဖက်ဒရယ်ဖြစ်တဲ့ နိုင်ငံတော်အသစ်ဖြစ်မှ သတ်မှတ်ခံရဖို့ မဟုတ်ပဲနဲ့ အခုတည်းက စစ်အာဏာရှင်ကို တိုက်ထုတ်နေရင်းနဲ့ အရင်စနစ်က မညီမျှမှုတွေ ခွဲခြားမှုတွေကို တစ်ခါတည်း တိုက်ထုတ်သွားရင်းနဲ့ တစ်ခါတည်း တည်ဆောက်သွားမယ်ပေါ့နော်” ဟု ကမ်ပိန်းကို ဦးဆောင်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ကမ်ပိန်းကို “K- Word မှ သည် Identity” ဟု အမည်ပေးထားပြီး ကမ်ပိန်းတွင် ပါဝင်သူ ၃၀ ဦးခန့် ရှိခဲ့ကြောင်း ၎င်းက ပြောသည်။
မွန်ပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၂ သန်းကျော်ရှိပြီး ၎င်းတို့အနက် ဗုဒ္ဓဘာသာဝင် ၉၂ ရာခိုင်နှုန်းကျော်၊ အစ္စလာမ်ဘာသာဝင် ၅ ဒသမ ၈ ရာခိုင်နှုန်းနှင့် ဟိန္ဒူဘာသာဝင် ၁ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။
၎င်းတို့အနက် တမိလ်၊ ကျူလီယာ၊ တလေဂူ၊ ဘင်္ဂလီ၊ စူရ်တီ၊ မေမန်၊ ပထန်၊ ဟင်ဒူစတန်နီ၊ ပသျူး၊ ဆစ်ခ်၊ မဂိုသျှီအာ၊ ဘာဘူ၊ ဂူဂျရာတီနှင့် အခြားလူနည်းစုဦးရေလည်းရှိပြီး အတိအကျကောက်ယူထားသော စာရင်းမရှိသဖြင့် အရေအတွက် မသိရသေးကြောင်း ကမ်ပိန်းဦးဆောင်သူများထံမှ သိရသည်။