စက်သုံးဆီအခက်အခဲကြောင့် မွန်ပြည်နယ်တွင် သောက်ရေသန့်လဲလှယ်ခ ၂၀လီတာတစ်ဘူးလျှင် ငါးရာကျပ် စျေးတက်ကြောင်း မြို့ခံများထံမှ သိရသည်။
မော်လမြိုင်တွင် ၂၀လီတာ သောက်ရေသန့်လဲလှယ်ခ တစ်ဘူးလျှင် ကျပ် ၁၅၀၀ ဖြင့် ဖြန့်ဖြူးရောင်းချနေရာမှ ဧပြီလ ၁ရက်မှ စတင်ကာ ကျပ် နှစ်ထောင် ဖြစ်လာကြောင်း မြို့ခံများက ပြောသည်။
စက်သုံးဆီ ပြတ်လပ်ပြီး စျေးမြင့်တက်လာခြင်းနှင့် အထွေထွေကုန်ကျစရိတ် မြင့်မားလာခြင်းတို့ကြောင့် သောက်ရေသန့် စျေးနှုန်း ပြောင်းလဲသတ်မှတ်ရခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ်အတွင်းရှိ သောက်ရေသန့်လုပ်ငန်းက ကြေညာထား သည်။
“ရေသန့် ပို့တဲ့ကောင်လေးတွေက ဧပြီ ၁ ရက်နေ့ကစပြီး သောက်ရေသန့်တွေ စျေးတက်မယ်တဲ့။ တစ်ဘူး ၅၀၀ တက်မယ် တဲ့။ ဆီအခက်အခဲဖြစ်တော့ သူတို့လည်း စျေးလိုက်တက်ရတာ” ဟု မော်လမြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
မော်လမြိုင်မြို့နယ်အတွင်းတွင် သောက်ရေသန့်လုပ်ငန်း ၂၀ ဝန်းကျင်ရှိပြီး မော်လမြိုင်မြို့ပေါ် ရပ်ကွက်များသာမက မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအထိ သောက်ရေသန့်များ လိုက်လံဖြန့်ဖြူးရောင်းချကြသည်။
မော်လမြိုင်အပြင် ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ၂၀လီတာ ရေသန့်ဘူးလဲလှယ်ခ ကျပ်နှစ်ထောင် ဖြစ်လာကြောင်း မြို့ခံများထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်ခြင်းကြောင့် ဆီအခက်အခဲ ကြုံတွေ့နေရသည်မှာ တစ်လနီးပါးကြာလာပြီဖြစ်ပြီး ဆီရရှိရန် နာရီပေါင်းများစွာ တန်းစီဝယ်ယူနေရဆဲဖြစ်သည်။
စက်သုံးဆီ အသုံးပြုပြီး လည်ပတ်နေရသည့်လုပ်ငန်းများ အလုပ်ရပ်နားလာရသည်အထိ ဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးစရိတ်များ၊ ကုန်စျေးနှုန်းများလည်း အဆမတန် မြင့်တက်လာသည်။
လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီတစ်လီတာ ကျပ် ၃၇၆၅ ကျပ်ကနေ ၄၈၂၅ အထိရှိနေပြီး ဒီဇယ်ဆီ တစ်လီတာလျှင် ကျပ် ၅၀၃၀ ကနေ ၆၄၂၀ အထိ ဈေးရှိနေသည်။
ပြင်ပမှောင်ခိုစျေးကွက်တွင်မူ စက်သုံးဆီစျေး တစ်လီတာ ကျပ် နှစ်သောင်း နီးပါးအထိ ရောင်းဝယ်နေကြသည်။







