ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်အတွင်းရှိ သံဃာတော်များ စုစည်းထားသည့် စခန်းကြီး သုဓမ္မာပါဝါရဏာဂိုဏ်း၏ ဆယ့်တစ်ပါးမြောက် ဂိုဏ်းချုပ် မော်ကြီးဆရာတော်၏ ရုပ်ကလာပ် မီးသင်္ဂြိုဟ်သည့် နောက်ဆုံး အန္တိမအဂ္ဂိဈာပနကို တပေါင်းလပြည့် (မတ်လ ၂ ရက်) ညက ပြုလုပ်ခဲ့သည်။
မော်ကြီးဆရာတော်သည် စခန်းကြီးသုဓမ္မာဂိုဏ်း၏ ဂိုဏ်းခွဲဖြစ်သည့် ဟိန္ဇဲ (ကံပေါက်ဒေသ) သုဓမ္မာဂိုဏ်းတွင်လည်း အကြီးအကဲဖြစ်သည်။
ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးရွာ မော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တခေမာဝံသသည် သက်တော် ၉၄ နှစ်၊ သိက္ခာတော် ၇၄ ဝါ အရွယ်၌ ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက် နံနက် ၆ နာရီတွင် လူကြီးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်သည်။











ယင်းနောက် ရုပ်ကလာပ်ကို နိဗ္ဗာန်စံကျောင်းဖြင့် ဆယ်လကြာထားရှိပြီး ယခု အန္တိမဈာပနကို ကျင်းပခြင်းဖြစ်သည်။
ဈာပနပူဇော်ပွဲကို စပ်ပန်းချီ ပြာသာဒ်များ ဆောက်လုပ်၍ ခုနစ်ရက်ကြာ ကျင်းပခဲ့သည်။
ဈာပနတွင် ဆရာတော်၏ ဇာတိဖြစ်သည့် မွန်ပြည်နယ်မှ မွန်ယိမ်းအဖွဲ့များ လာရောက်ကပြသည့်အပြင် ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ယိမ်းအဖွဲ့များ၊ ထားဝယ်ဒေသဓလေ့ ဒုံးအက (တလားထမ်း သိုင်းနင်းအက) အဖွဲ့များ ယှဉ်ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပခဲ့သည်။
၂၀၂၁ ခုနှစ်က ပျံလွန်တော်မူခဲ့သည့် စခန်းကြီးသုဓမ္မာဂိုဏ်း၏ ၁၀ ပါးမြောက် ဂိုဏ်းချုပ် တောင်မင်းပြောင်ကျောင်းကြီး ဆရာတော်ပြီးနောက် မော်ကြီးဆရာတော်သည် ၁၁ ပါးမြောက် ဂိုဏ်းချုပ် ဖြစ်ခဲ့သည်။
အရိုးပြာရေမျှောပူဇော်ပွဲကိုမူ ဖောင်းတောကျေးရွာအုပ်စု ဓမင်းဆိပ်ရွာ ဆိပ်ကမ်း၌ မတ်လ ၄ ရက်တွင် ကျင်းပမည်ဖြစ်သည်။







