ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် နိုင်ကျဉ်းနှစ်ရာကျော်အပါအဝင် အကျဉ်းသားသုံးရာကျော် ပြန်လွတ်

March 3, 2026

ဓာတ်ပုံ - ဒေသခံတစ်ဦး (ပုံဟောင်း)

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား နှစ်ကျော် အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ သုံးရာကျော် ပြန်လည်လွတ်မြောက်လာကြောင်း အကျဉ်းထောင်၏ အချက်အလက်များအရ သိရသည်။

မော်လမြိုင်အကျဉ်းထောင်က ၄၅ ဦး၊ သထုံအကျဉ်းထောင်က ၉၀ ဦးကျော်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်က ၁၅၉ ဦး၊ ဇင်းကျိုက် ကုန်ထုတ်အကျဉ်းစခန်းက ၂၃ ဦး၊ အင်းဗြောင် ကုန်ထုတ်အကျဉ်းစခန်းက ငါးဦး၊ ရင်းငြိမ် ကုန်ထုတ် အကျဉ်းစခန်းက သုံးဦး ပါဝင်သည်။

ကျိုက်မရော ဗဟိုအကျဉ်းထောင်က ပြန်လွတ်လာသည့် ၁၅၉ စလုံးသည် နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၆၈ ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးနေသူတစ်ဦးက ပြောသည်။

“ကျိုက်မရောထောင်ကနေ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အမျိုးသမီးတွေပဲ ၆၀ ကျော် ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် သထုံအကျဉ်းထောင်က ပြန်လွတ်လာသည့် အကျဉ်းသား အကျဉ်းသူ ၉၀ ဦးကျော်တွင်လည်း နိုင်ငံရေး အကျဉ်းသား ၆၂ ဦး ပါဝင်ကြောင်း အကျဉ်းထောင်၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ အတည်ပြုထားသည့်အချက်အလက်များအရ နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၉၀၀ နီးပါးရှိကြောင်း အဆိုပါ ကွန်ရက်က ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်က တပေါင်းလပြည့်နေ့ မတ်လ ၂ ရက်တွင် အကျဉ်းထောင်၊ အချုပ်ခန်းအသီးသီးက အကျဉ်းသား အကျဉ်းသူ တစ်သောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အကျဉ်းသား တစ်သောင်းကျော်ထဲတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) ဖြင့် ပြစ်ဒဏ်ကျခံနေသူ ၇၃၃၇ ဦးပါဝင်ကြောင်း စစ်ကော်မရှင်က ကြေညာခဲ့သည်။

ပြန်လွတ်လာသူများသည် နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ယင်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် ခံဝန်ချက်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုထားသူများနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ၁၂၄၈၇ ဦး၏ အမှုပေါင်း ၉၅၃၂ မှုကို ပိတ်သိမ်း၍ အမှုမှ လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာထားသည်။