BREAKING
December 8, 2025

အစောင်းနဲ့အတည့်

December 2, 2025

ဆောင်းရနံ့သင်းစပြုတဲ့လေပြေညှင်းတချက်က ဖြတ်ကနည်းဝေ့ဝဲလာပြီး ခပ်ဟဟပွင့် နေတဲ့ ပြတင်းတံခါးကြားက တိုးဝင်လာတယ်။ အရုဏ်တက်စအလင်းတန်းကလည်း စွေ စောင်းစောင်းလေးဖြာကျနေတယ်။ငှက်ကလေးတွေရဲ့တေးသီချင်းနဲ့ မင်္ဂလာနံနက်တစ်ခုကို ခင်းကျင်းနေလေရဲ့။

ခေါင်းရင်း ပြုတင်းပေါက်ကို ထဖွင့်လိုက်တယ်။ နေရောင်ခြည်နဲ့ မျက်နှာသစ်မိတယ်။ လေနုအေးကိုတစ်ချက်ရှိုက်တယ်။ ခဏအောင့်ထားပြီးမှ ဖြည်းဖြည်းလေး ညင်သာညက်ညောစွာ နှမျော တသစွာ ပြန်လည်ရှူထုတ်လိုက်ပါတယ်။ ခြံဝန်းထဲ စောင်းငဲ့ကြည့်မိတော့ ကိုယ့်အိမ်ဘက်ကို ကိုင်းညွှတ်ကျနေတဲ့ မာလကာပင်ပေါ်ကနေ စာကလေးတစ်ကောင် ထ ပျံသွားတာမြင်တယ်။

အဲသည့်စာကလေး ခြေစုံကန် အားယူသွားတဲ့ မာလကာပင်အကိုင်းမှာ ဝင်း ဝါစပြုနေတဲ့ မာလကာသီးတစ်လုံးတွေ့ရတယ်။ မာလကာပင်က ကိုယ့်အပင်တော့မဟုတ်ဘူး။ ဟိုဘက်ခြံကအပင်။ ဒါပေမဲ့ မာလကာသီးက ကိုယ့်ခြံဘက် ကိုယ့်ပိုင်နက်မှာ။ အောက်ထပ်ကို ကပျာကယာပြေးဆင်းတယ်။ တံခြူတပ်ထားတဲ့ဝါးလုံးနဲ့ ခူးလိုက်တယ်။ ဖြုတ်ကနည်း ကြွေကျတယ်။

ကျတဲ့နေရာ မြေကဆင်ခြေလျှောလေးဆိုတော့ မာလကာသီးက ဒလိမ့်ကောက်ကွေးလိမ့်ဆင်းသွားပြီးမှ နှစ်ပေလောက်အကွာ မြေညီမှာ ရပ်တယ်။

ကောက်လိုက်တယ်။ ဖုန် သဲ နည်းနည်းပေတာကို လက်ဖဝါးနဲ့ပွတ်သုပ်တယ်။ တစ်ချက်ကိုက်တယ်။ ချိုတယ်။ ကမ္ဘာဦးတုန်းက ဒေါ်ဧဝစားခဲ့ဖူးတဲ့ အသီးထက်တောင် ပို ချိုနေသလိုထင်လိုက်မိပါရဲ့။

တကယ်တော့ သမ္မာကျမ်းထဲက ဒေါ်ဧဝကြီး အသီးစားခဲ့တဲ့ဖြစ်ရပ်ကလည်း တည့်မတ်မှန်ကန်မနေခဲ့ဘူး။ ဟုတ်ပါ့။ တားမြစ်ကန့်သတ်ချက်ကို မလိုက်နာနိုင်ခဲ့လို့ တိမ်းစောင်းလွဲချော်ခဲ့ရတာကိုး။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ သူတို့က စတင်ခဲ့တာ။

တချို့အစောင်းတွေက သူ့ဘာသာ တည့်နေတာ။ ကိုယ်က သွားပြီးတည့်ပေးလည်း သူ့ အတည့်က ဘယ်လိုမှ စောင်းမှာမဟုတ်ဘူးလေ။ အိမ်မြောင်တွေ လင်းနို့၊ လင်းဆွဲတွေကို ပြောင်းပြန်သီအိုရီနဲ့ သွား မတည့်ပါနဲ့။ သူတို့ကလည်း ကိုယ့်ကိုအစောင်းကြီး လို့ပြောမှာပဲ။

မင်္ဂလာနံနက်ကို သံစုံသီချင်းတွေနဲ့ ခင်းကျင်းခဲ့ကြတဲ့ ကျေးငှက်သာရကာလေးတွေလည်း ဟိုဝဲ၊ သည် ပျံ တောင်ပံဖြန့်ကျတ် အစာရှာထွက်နေကြပြီ။ ကိုယ့် မနက်အစောစာ မာလကာသီးတစ်လုံးလည်း အညှာရိုးတံတဝိုက်နားက သွားကိုက်အရာထင်နေတဲ့ လက်တဆစ်စာလေးပဲကျန်တယ်။

အညှာကိုမထိမိအောင် စွေစောင်းစောင်းလေး ကိုက်စားလိုက်တယ်။ လက်ထဲကျန်တဲ့ အညှာတံလေးတောင် တည့် မနေပြန်ဘူး။ ခပ်ကွေးကွေးလေး စောင်းလို့။ သံပုရာပင်ခြေရင်းစီ မာလကာသီးအညှာရိုးတံလေးကို ဘေးတစောင်းပဲ လွှင့်ပစ်လိုက်တယ်။ မြေသြဇာဖြစ်ပါစေ။

နေက သူငယ်စာငှက်ပျောပင်တွေရဲ့ထိပ်နား၊ ငှက်ပျောပင်အုပ်အနောက်က အုန်းပင်တန်း ပင်စည်တွေရဲ့ ခါးလယ်လောက် ရောက်လာပြီ။ သည်အချိန် အိမ်ရှေ့ကွက်လပ်မှာ နေပူစာလှုံလို့ကောင်းတယ်။ နေရောင်ခြည်သည် ရောဂါပိုးကို သေစေ၏ ဆိုလား၊ ကလေးဘဝကတည်းက သင်ကြားခဲ့ရတာ။ ဗီတာမင် ဒီ နေရောင်ခြည်က ရသည်ပေါ့။

သိပ်အပူမပြင်းခင် လူပျင်းတစ်ယောက် နေပူစာလှုံတာတော့ တည့်နေသလိုလို။ သို့ပေသိ ဟိုဘက်စောင်းလိုက်၊ သည်ဘက်စောင်းလိုက် ခန္ဓာကိုယ်တစ်ခုလုံး နေရောင်ရဖို့ လှည့် ပတ်နေရတာပါပဲ။ ခြံရှေ့ လမ်းမပေါ်မှာ ကျောင်းသားလေးတစ်စု ဖြတ်လျှောက်သွားကြတယ်။ သူတို့လေးတွေ ကျောင်းနောက်ကျမှာမဟုတ်ပါဘူး။ ကလေးတစ်ယောက်က စာအော်ကျက်သွားသေးတယ်။ ကြားလိုက်မိတယ်။ ကမ္ဘာကြီးသည် ၎င်း၏ဝန်ရိုးပေါ်တွင် နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း(၂၃_၂/၁)ဒီဂရီ တိမ်းစောင်းလျက် လည်ပတ်နေသည်တဲ့။

ဟုတ်ပါရဲ့။ ကိုယ်တို့ငယ်ငယ်က သင်ခဲ့ရတာလည်း အဲသည့်အတိုင်းပါပဲ။ ကမ္ဘာကြီးက အလုံးကြီးဆိုတော့ အဲသည့်အလုံးကြီးကလည်း နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ စောင်းပြီး ငြိမ်ငြိမ်မနေဘဲလည် နေသေးတာဆိုတော့ ကမ္ဘာကြီးပေါ်မှာ နေတယ်ဆိုတဲ့ကိုယ်တို့ကကော စောင်းငမ်းငမ်းကြီးတွေဖြစ်နေမှာပေါ့။ အစောင်းကြီးပေါ်မှာ ဘယ့်နှယ်လုပ် တည့် နေပါ့မလဲပေါ့။

တွေးမိတာ။ ဟိုတုန်းကပါ။ ကမ္ဘာကြီးက အတည့်မဟုတ်ဘဲ အစောင်းကြီးလည်နေတယ်ဆိုတာ ဘယ်သူက ဘယ်လိုတိုင်းတာကြည့်လို့သိရတာလဲ၊ အဲသလို စောင်း ပါတယ်လို့ ဆိုသူကကော တည့် လို့လား၊ သူက စောင်း နေတာကော မဖြစ်နိုင်ဘူးလား။

အဲသည်လို မေးခွန်းတွေကိုယ်တွေငယ်ငယ်တုန်းကတည်းက မေးသင့်ခဲ့တာကို မမေးခဲ့ကြပါဘူး။ မမေးရဲခဲ့ကြဘူး။ ဆရာမက စောင်းတယ်ဆို စောင်း လိုက်ရတာပဲ။ ကိုယ်တို့ကမ္ဘာကြီး လုံးတယ်ဆိုတာလည်း ၂၁ ရာစု အစောပိုင်းကျတော့ ပြား သွားပါရောလား။ ကမ္ဘာ ပြားပြီ ဆိုတော့ ကိုယ့်မယ် ကမ္ဘာပြားကြီးပေါ်မှာ အစွန်အဖျားထိ လျှောက်သွားကြည့်ချင်သေးတာ။ အလုံးထက် အပြားပေါ်မှာဆိုတော့ ကိုယ်တွေ အစောင်းမဟုတ်ဘဲအတည့်နေလို့ရပြီမှတ်တာ။

ဘယ်ဟုတ်ပါ့မလဲ။ သောမတ်ဖရိုင်းမန်း ရေးသားတဲ့ ၂၁ ရာစုအစောပိုင်းမှာ ကမ္ဘာမှုပြုလာတဲ့အကြောင်းလေ့လာထားတဲ့ စာအုပ်ဖြစ်နေတာ။ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ ယှဥ်ပြိုင်သူအားလုံး တူညီတဲ့အခွင့်အရေးရရှိလာပြီဆိုတဲ့သဘောကို တင်စားပြီး ခေါင်းစဥ်တပ်ထားတာ လို့ဆိုပါတယ်။ ၂၀၀၆ ခုနှစ်မှာ စာရေးဆရာကျော်ဝင်းက ဘာသာပြန် ရေးသားလိုက်သေးတယ်။ ကမ္ဘာပြားပြီ နာမည်နဲ့ပဲ။

မူရင်းစာအုပ်အဆိုအရ ကမ္ဘာ့စီးပွားနယ်ပယ်မှာ ယှဥ်ပြိုင်သူတွေ အခွင့်အရေးတူရရှိလာပြီဆိုရင်၊ ကမ္ဘာကြီးကလည်း တကယ်ပြားနေပြီဆိုရင် ဟန်ချက်တွေတော့ အရင်ထက် ညီလာမလား၊ အစောင်းတွေ အတည့် ဖြစ်လာမလား တွေးမိပြန်ရော။ ဆိုင် မဆိုင်တော့ မသိ။ ခပ်ထောင်ထောင်အတ္တကောင်တွေကတော့ အစောင်းကမ္ဘာပေါ်မှာ တစောင်းကြီးတွေ ထောင်နေကြတာပါပဲ။

ဘောဂဗေဒဘာသာရပ်ကို သိပ်နားမလည်ပါဘူး။ မြင်နေ တွေ့နေရတဲ့ စီးပွားရေးအားပြိုင်မှုတွေမှာတော့ အားကြီးသူသာ အသာစီးရတာ၊ လည်သူစားစတမ်းဖြစ်နေတာပါ။ ကမ္ဘာမှာရော ကိုယ်တွေ ရွှေမြန်မာနိုင်ငံတော်ကြီးမှာပါ အဲသည့်အတိုင်းဖြစ်နေတာပဲလေ။ စီးပွားရေးတင်မဟုတ်ပါဘူး။ နိုင်ငံရေးလည်း တစ်ဘက်စောင်းနင်းတွေပါ။ မြင်တာ၊ တွေ့တာ၊ သိရှိခံစားနေရတာ။

ကမ္ဘာမှာ တိုင်းနိုင်ငံတွေ ပါဝင်စုဖွဲ့ထားကြတဲ့ အစုအဖွဲ့လေးတွေရှိကြပါတယ်။ ဂျီ ဆဲဗင်း၊ ဂျီ တွမ်တီး၊ အေပက်၊ ဘင်းမ်စတက်၊ အက်ခ် မက်၊ အီးယူ၊နေတိုး၊ အာဆီယံ စတဲ့နာမည်တွေနဲ့ရှိကြတယ်။ အာရှ၊ ဥရောပ၊ အမေရိက ဆိုင်ရာဒေသမှာရှိကြတဲ့နိုင်ငံတွေ ပါဝင်စုဖွဲ့တည်ထောင်ထားကြတာပါ။ နိုင်ငံရေး၊ စီးပွားရေး၊ ရာသီဥတုသဘာဝပတ်ဝန်းကျင်အရေး စသဖြင့် အရေးပေါင်းစုံ တွေ့ဆုံညှိနိုင်း‌ဖြေရှင်းကြတယ်။

ထိပ်သီးဆွေးနွေးပွဲတွေရှိတယ်။ တင်းတယ်။ လျှော့တယ်။ ငြင်းခုန်တယ်။ ခြိမ်းခြောက်တယ်။ ဟိန်းဟောက်တယ်။ မာန် လျှော့တယ်။ ပြန် ချော့တယ်။ အဲသည့်ထိပ်သီးဆွေးနွေးပွဲတွေမှာ ဘယ် ထိပ်တွေ ဘယ်လို သီး သွားတယ်။ ထုတ်ပြန်ချက်တွေ ထုတ်ကြတယ်။ အပေးနဲ့အယူတွေ တည့်ကြတယ်။ အစောင်းတွေကို အတည့်ဖြစ်အောင်စွမ်းဆောင်ကြပါတယ်။

တကယ် တည့်သွားသလား။ ကိုယ် တွေးမိတာပါ။ အမေရိကန်နဲ့တရုတ် စီးပွားချိန်ခွင်လျှာညှိကြတယ်။ အာဆီယံထဲက နိုင်ငံအချို့ အကျိုးအမြတ်ရလိုက်တာတွေရှိတယ်။ အခွန်အကောက် အမေရိကန်က လျှော့ချပေးလိုက်တယ်။ ခပ်ကြော့ကြော့ဖြစ်သွားတဲ့ နိုင်ငံတွေရှိလာတယ်။

ကိုယ်တို့ရွှေပြည်တော်ကတော့ ကြော့ဖို့နေနေသာသာ သွားမော့တဲ့နေရာကတစ်ကျပ်ရလိုက်၊ နှစ်ကျပ်ရလိုက်နဲ့ ဘဝင်ခိုက်နေကြတာ။ အောက်ကလည်းနေသေး၊ ဟိုသင်းလည်းမလျှော့ဆိုသလို လုပ်နေတော့ရှိပြီးသား ပြည်ပရင်းနှီးမြှုပ်နှံမှုလေးတွေတောင် အခွန်အခသက်သာရာနိုင်ငံကို ရွှေ့ကြပြောင်းကြ တာ့တာပြမှာပေါ့။ မှတ်ပလား။ ကိုယ့်အစောင်း နဲ့ကိုယ် တည့်နေကြပေါ့။ တိုင်းပြည်တစ်ခုလုံးကတော့ ဘေးတစောင်းကြီးကိုဖြစ်လို့၊ သည် လေး ငါးနှစ်အတွင်းမှာ ပိုသိသာလာတာ။

နောက်ဖေးကုက္ကိုပင်ပေါ်မှာ ကျီးကန်းတစ်ကောင် တအာအာ အော်နေသံကြားတယ်။ အော်သံက အာ့ လည်းမဟုတ်၊ အား လည်းမဟုတ်။ အာ လိုလို၊ ဟာ လိုလို၊ အင်္ဂလိပ်အက္ခရာ အာရ် အသံထွက်လိုလို အော်နေပါတယ်။ နေလုံးကြီးကလည်း ကိုယ့်ခေါင်းပေါ် တည့်တည့်လောက်ရောက်လာပြီ။

ဗိုက်ဆာတယ်။ ကမ္ဘာ့စီးပွားရေးတွေ၊ နိုင်ငံရေးတွေသာ လျှောက်တွေးနေတာ ဆန်နို့ဆီဘူးနှစ်လုံးစာ သွားဝယ်ရဦးမယ်။ ထမင်းချက်ဖို့။ ဟင်းလား၊ ကိုယ့်တို့လိုလူတွေအတွက်တော့ ဟင်း ဆိုတာ သက်ပြင်းချသံလို့ပဲပြောရမှာပါ။ သည်လိုပဲ ခြံထဲက ကြုံရာ အရွက်လေးတွေ ခူး၊ ကြော်တန်ကြော်၊ပြုတ်တန်ပြုတ်၊ အရည်သောက်လုပ်တန်လုပ်ပေါ့။ အဆင်ပြေပါတယ်။ စားကောင်းတယ်။

အဓိကကတော့အစာအိမ်ကိုတော့ အစောင်းခံလို့မဖြစ်ဘူးမဟုတ်လား။ ဒါတောင်ကိုယ်တွေအစာအိမ်ကသိပ် အတည့်တော့မဟုတ်သေးပါဘူး။ အရပ်ထဲမှာလည်း ကိုယ်တို့လိုလူတွေ ညည်းတွား နေကြတာတွေပဲကြားနေရပါတယ်။

အထည်ချုပ်စက်ရုံ အော်ဒါမရလို့၊ အမေရိကန်က အပ်ထည်တွေ အဆင်မပြေလို့ အလုပ်ပြုတ်လာကြတဲ့ စက်ချုပ်သမတွေလည်းရှိတယ်။

ယောက်ကျားမရှိတော့လို့ ကလေးတွေနဲ့ကျန်ခဲ့ရသူမိန်းမက ကုန်ဝင်ထမ်းပြီးဝမ်းရေးကို ဖြေရှင်းနေရတာလည်းရှိတယ်။

တကယ့်ကို မထော်မတည့် စောင်းငမ်းငမ်းဘဝတွေ။ ဟိုတုန်းကတော့ ရန်ကုန်ဆိုတာ မြန်မာပြည်တနံတလျား မြို့နယ်ကျေးရွာတွေကနေ အားကျစရာ ဝင်ငွေရှာဖို့ အလုပ်အကိုင်တွေပေါများခဲ့တယ်။ ရန်ကုန်တက်ပြီး၊ ရန်ကုန်ဆင်းပြီး အလုပ်လာလုပ်ကြသူတွေ အနယ်နယ်အရပ်ရပ်ကပေါ့။

အဲသည်အချိန်တွေတုန်းက‌လည်း ရန်ကုန်မှာစုပြုံရောက်ချလာကြတော့ မြန်မာပြည်မြေပုံတောင် အောက်ပိုင်းမှာက ဝိတ်ပိုများပြီး အပေါ်ဘက် မြစ်ကြီးနား၊ ပူတာအို၊ ဆွမ်ပရာဘွမ်တို့ အပေါ်ကိုထောင်ပြီး တစောင်းကြီးများဖြစ်ခဲ့သလားမသိ။ တွေးမိခဲ့သေးတယ်။

အခုတော့လည်း ရန်ကုန်မှာ အခြေအနေအကြောင်းကြောင်းကြောင့် မစွန့်ခွာနိုင်ကြသေးတဲ့ မိသားစုတွေခမျာ စားဝတ်နေရေး အိမ်ရှိလူကုန်တက်စုံလွှင့်ပြီးလှော်နေကြရတာတောင် ဘေးတစောင်းကြီးတွေများပါတယ်။ ကုန်စျေးနှုန်းနဲ့ လုပ်ခဝင်ငွေနဲ့က ဘယ်လိုမှ တည့်မနေတာကိုး။

သည်ဘက် လေးငါးနှစ်အတွင်း ပိုပိုပြီး စောင်းလာတာ။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် အစီရင် ခံစာတွေအရ မြန်မာနိုင်ငံလူဦးရေထက်ဝက်ကျော်ဟာ ဆင်းရဲမွဲတေမှုမျဥ်းအောက်ကို ရောက်သွားပြီဆိုတဲ့ သတင်းတွေလည်း တွေ့ရတယ်။ ငွေကြေးဖောင်းပွတာတွေ၊ ရွှေစျေး ဇောင်းကြွတာတွေ သေချာနားမလည်ပါဘူး။ ရေဝေးတောင့်တတာတွေများလာတယ်။

ဒေါ်လာစျေးတက်တာကြားတယ်။ ပေါ်တာ အရွေးခက်တာလည်းကြားပါတယ်။ ပြည်တွင်းကနေ ထွက်ခွာနေကြသူတွေလည်း များလာတယ်။ သည်တခါ မြန်မာပြည်မြေပုံက ညာဘက်ကို ထိုင်းဘက်အခြမ်းကို တစောင်းကြီးဖြစ်လာပါတယ်။

ညနေစောင်းပြီ။ ကျောင်းဆင်းကြပြီ။ ကိုယ့်ခြံအရှေ့လမ်းကနေ ဖြတ်ပြီး အိမ်ပြန်ကြမယ့်ကျောင်းသားလေးတွေ လာတော့မယ်။ သူတို့ကျောင်းစိမ်းဝတ်စုံလေးတွေ ဖုန်တွေ ချေးညှော်တွေ ညစ်ပေလာကြမယ်။ နားထောင်ပါ၊ ကလေးတွေအသံကို။ သူတို့ဆီကဘာတွေကြားရဦးမလဲ။ ဘာတွေသင်ယူရဦးမလဲ။ လာကြပါပြီ။

တစ်ယောက်တစ်ခွန်းလုပြောလာကြသံတွေ ခပ်လှမ်းလှမ်းကတည်းက ကြားရပြီ။ သူတို့စကားသံတွေစီ နားစွင့်ထားမိပါတယ်။ ဆရာမပေးတဲ့အိမ်စာ စာစီစာကုံးက ဘယ်လိုရေးရမလဲ၊ ကျွန်ုပ်အကြောင်း စာစီစာကုံးလား၊ အေးလေ အဲဒါ၊ ကျွန်တော်၏အမည်သည် မောင်မောင်ဖြစ်ပါသည် အဲဒီလို စရေးရမှာလေ။ ကျွန်တော်၏ဖခင်မှာ ဦးမြဖြစ်သည်။ မိခင်မှာဒေါ်လှဖြစ်ပါသည်၊ အဲဒီလိုရေးကွ။

ဟ . . . ငါ့နာမည်က မောင်မောင် မဟုတ်ဘူးလေ၊ ငါ့အဖေကလည်း ဦးမြမှမဟုတ်တာ၊ မရေးတတ်ပါဘူးကွာ၊ ဆရာမ ပြောတဲ့အတိုင်းရေးရမှာကွ၊ မဟုတ်ရင် မင်းအမှတ်မရဘူး၊ အရိုက်လည်း ခံရဦးမယ်၊ ငါတော့ ဆရာမ သင်ထားသလိုပဲရေးမှာကွ။ ကျောင်းသားလေးတွေပြောသွားကြတဲ့စကားတွေပါ။ ကိုယ်တစ်ယောက်ထဲ ပြုံးမိပါရဲ့။ ဟုတ်သားပဲ။ ကိုယ်တို့လည်း ငယ်ငယ်တုန်းက မောင်မောင်တွေပဲမဟုတ်လား။

ဦးမြ နဲ့ ဒေါ်လှတို့ကလည်း ကိုယ်တို့ အဖေ နဲ့ အမေတွေဖြစ်ခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ စောင်း လာခဲ့ကြတဲ့ အစောင်းတွေ ဘယ်ခါမှ အတည့်ဖြစ်ပါ့မလဲ။ နည်းနည်းမှတော့ စိတ်ထဲ အဆင်ပြေမနေဘူးဆိုသလိုပါပဲ။ နေ လည်းညိုပြီ။ စာကလေးတွေလည်း အိပ်တန်းတက်ကြပြီ။ ကျိ စီ ကျိ စီ မြည်။

ညစာထမင်းစားဖို့အိမ်ထဲပြန်ဝင်လိုက်ပါတယ်။မနက်က ခူးထားတဲ့ကန်စွန်းရွက် ကျန်သေးတယ်။ ရေနွေးဖျောထားတယ်။ ငါးပိရည်ရှိတယ်။ ကြက်ဥကြော်လိုက်မယ်။ ကိုယ့် ညစာကတော့ စောင်းခဲပါတယ်။ တည့်ပါတယ်။ ကိုယ်နဲ့။

မှောင်လာပြီ။ မိုးချုပ်ပါပြီ။ ခဏနေရင် မျက်စောင်းထိုးတိုက်ကကောင်လေးနဲ့ ညာဘက်တစ်ခြံကျော်က ကလေးမတို့ ကားနဲ့အပြင်ထွက်ကြတော့မယ်။ ကိုယ်တရေးနိုးချိန် သန်းခေါင်ကျော် နှစ်နာရီလောက်ဆိုရင် သူတို့ပြန်လာကြပါတယ်။ ကားသံကြားရတာကိုး။ ကလပ်လား၊ဘားလား၊ ရှိုးပွဲလား လှည့်ပတ်သွားနေကြတာပါပဲ။အခုထိတော့ သူတို့ဘာမှဖြစ်သံမကြားရသေးဘူး။အေးဆေးပဲ။ သူ့အစောင်းနဲ့သူ တည့်နေကြတာ။

ကိုယ်တို့ရွှေပြည်တော်မှာ အဲသည်လိုတွေရှိတယ်။ကိုယ် အိပ်ရာဝင်ဖို့ပြင်တယ်။ အိပ်ရပါ ဦးမယ်။ အိပ်မပျော်သေးခင် မျှော်လင့်စရာရှိတာ ရအောင်ရှာကြံမျှော်လင့်ရတယ်။ မမျှော်လင့်လို့မှမရတာ။ ရနိုင်သမျှ၊တတ်နိုင်သမျှ မျှော်လင့်ချက်လေးတွေ ဖမ်းဆုပ် ကုပ်တွယ်နေရတာပါ။ မျှော်လင့်ချက်မှ မရှိတော့ရင် ကိုယ်တို့ ဘယ်လိုအိပ်မက် မက်နိုင်ဦးမှာလဲ။

ကိုယ်တို့ အိပ်မက်တွေကို မျှော်လင့်ချက်နဲ့သံပတ်ပေးနေကြရတာ။ မောင်းနှင်နေရတာ။

အိပ်မက်တွေ ကိုယ်တို့မှာ တကယ်ထုတ်ပြတဲ့အခါကျမှ အစောင်းလား အတည့်လား သေချာ သိကြ ကြည့်ကြတာပေါ့။

မျက်နှာကျတ်ပေါ်က တကျွတ်ကျွတ် အိမ်‌မြောင်စုပ်ထိုးသံကြားရတယ်။ ကြက်တွန်သံခပ်တိုးတိုးကြားတယ်။ အိပ်ရာပေါ်မှာ ဘေးတစ်ဘက်စောင်းလိုက်တယ်။ ကိုယ် ပက်လက်တည့်တည့် မအိပ်တတ်ဘူး။ ။

ကိုအားပို