ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တယားကမ်းခြေတွင် မြန်မာနိုင်ငံသားအချင်းချင်း ဓါးခုတ် ရန်ဖြစ်ခဲ့ရာမှ ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက တောင်ပိုင်းပတ္တယားလမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသား အုပ်စုများကြား ဓါးများနှင့်အတူ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်သောနေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန်တွင် ရင်ဘတ်တွင် ဓါးထိုးဒဏ်ရာဖြင့် သေဆုံးနေသော မြန်မာနိုင်ငံသားတစ်ဦး၏ အလောင်းကို တွေ့ရကြောင်း သတင်းများအရ သိရသည်။
အလောင်းနှင့် ၁၀ မီတာခန့်အကွာတွင် လူသတ်လက်နက်ဟု ထင်ရသည့် ဓါးတစ်လက်ကို တွေ့ရကြောင်း၊ အနီးတွင် နောက်ထပ် မြန်မာနိုင်ငံသားတစ်ဦးလည်း သေဆုံးနေပြီး နောက်ကျောတွင် ဓါးထိုးဒဏ်ရာ နှစ်ချက် ရှိနေသည်ကို တွေ့ရကြောင်း ထုတ်ပြန်ထားချက်အရသိရသည်။
နောက်ထပ် အသက် ၂၀ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာသည် စိုးရိမ်ရသိရသည်။
မြန်မာနိုင်ငံသားများသည် ဘောလုံးပွဲတွင် စတင်အငြင်းအခုံဖြစ်ခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြခြင်းဖြစ်ကြောင်း ဘာသာပြန်မှတစ်ဆင့် မြန်မာနိုင်ငံသားများက ဖြေကြားသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှတစ်ဆင့် ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်သူများ၏ အချက်အလက်များကို ရယူထားပြီး ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: The Thaiger, Thairath, The Pattaya News