စစ်အာဏာရှင်တပ်က ထားဝယ်အရှေ့တော အညာဖျားရွာသို့ ရောက်ရှိတပ်စွဲထားပြီး အနီးအနားကျေးရွာသို့ စစ်ကြောင်းထိုး နေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံများ အသွားအလာ သတိပြုကြရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တနင်္သာရီတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် အညာဖျားကျေးရွာသို့ ဩဂုတ်လ ၂၇ ရက်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လတ်တလော ရွာထဲတွင် တပ်စွဲထားကြောင်း ဒေသခံအချို့က ဆိုသည်။
စစ်အာဏာရှင်တပ်က ထိုကဲ့သို့ စစ်ကြောင်းထိုးနေသဖြင့် တော်လှန်ရေးတပ်များနှင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားလာနိုင် ကြောင်းလည်း အထက်ပါ တာဝန်ရှိသူက Dawei Watch သို့ ပြောဆိုသည်။
“အညားဖျားအနီးတဝိုက်မှာ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်။ ရွာသားတွေအနေနဲ့ နယ်မြေမရှင်းလင်းရသေးခင်မှာ ရွာနားကို မကပ်ကြပါနဲ့လို့ ပြောချင်တယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
စစ်အာဏာရှင်တပ်သည် ဥတ္တူရွာမှတစ်ဆင့် တောင်ကျော်ပြီး ရောက်လာသည့် စစ်ကြောင်းတစ်ကြောင်း၊ ပကာရီကျေး ရွာအုပ်စု ရှစ်မိုင်ဘက်ဘက်ခြမ်းမှ ဥယျာဉ်ကြီးရွာသို့ ဖြတ်လာသည့် စစ်ကြောင်းတစ်ကြောင်းတို့သည် အညာဖျားရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင် စစ်ကြောင်းဝင်ရောက်လာပြီးနောက် အနီးအနားကျေးရွာများသို့ မွှေနှောက်စစ်ကြောင်းထိုးနေသဖြင့် အညားဖျားအပါအဝင် ဓားသွေးကျောက်၊ ဆိတ်ချောင်း၊ ညောင်ချောင်း၊ ကင်းချောင်း စသည့်ကျေးရွာမှ ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။
လတ်တလောတွင် စစ်အာဏာရှင်တပ်က အညာဖျားရွာထဲတွင် တပ်စွဲထားဆဲဖြစ်သလို ဖုန်းလိုင်းများလည်း ပြတ်တောက် နေသဖြင့် ဒေသခံများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရန် ခက်ခဲနေကြောင်း ၎င်းတို့က ဆိုသည်။
“ဖုန်းတိုင်က မီးစက်လည်း ဆီမထည့်ရတော့ လိုင်းပြတ်သွားပြီ။ ကီးပက်ဖုန်းအကြီးတွေပဲ လိုင်းရတော့တာ။ ဒီနားမှာ စစ်ကြောင်း ထိုးနေတယ်ဆိုတာကို တစ်ယောက်ကို တစ်ယောက် အသိပေးလို့ မရဘဲဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သည် ဩဂုတ်လ ၂၉ ရက်တွင် အညာဖျားရွာရှိ နေအိမ် သုံးဆောင်ထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီး ခဲ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။
ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက အသုံးမပြုသဖြင့် စွန့်ပစ်ထားသည့် ရှေ့တန်းစခန်းဟောင်းတစ်ခုအပါအဝင် အရှေ့တောဒေသက ကျေးရွာအချို့တွင် နေအိမ် ၇၀ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အညာဖျားရွာသား အသက် ၄၀ ကျော်အရွယ် ဦးကျော်စိုးကိုလည် ပစ်သတ်ထားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“အဲဒီလူ (ပစ်သတ်ခံရသူ) က လူအေး။ သူတို့ လင်မယားက ရွာပြင်မှာ ဈေးရောင်းနေတာ။ သူ့ယောင်္ကျား ပစ်သတ်ခံရတာကို သူ့မိန်းမကိုယ်တိုင်မြင်တယ်။ သူ့မိန်းမက ထွက်ပြေးပြီး လွတ်လာတော့ သူ့ယောင်္ကျားပစ်သတ်ခံရတာကို ပြောပြတာ” ဒေသခံတစ်ဦးက ပြောသည်။
အညာဖျားရွာတွင် စခန်းချပြီး အနီးနားသို့ စစ်ကြောင်းထိုးနေသော ခန့်မှန်းအင်အား ၂၀၀ ခန့်ပါသည့် စစ်အာဏာရှင်တပ် သည် ရွာထဲရှိ ဆိုင်ကယ်များကို အဓမ္မယူဆောင်နေသည်ဟုလည်း သတင်းကြားနေရကြောင်း ဒေသခံများက ပြောဆိုသည်။
ယင်းအပြင် စစ်အာဏာရှင်တပ်က ဒေသခံများကိုလည်း ဖမ်းဆီးထားပြီး ပြန်လွတ်လာသူ အချို့ရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။