ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် တရားဝင်လာရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၇ ဦးသည် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် တစ်လကျော်ကြာ လုပ်ကိုင်ခဲ့သော်လည်း လုပ်အားခ မရရှိကြောင်း အလုပ်သမားများနှင့် WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့တို့ထံမှ သိရသည်။
အဆိုပါမြန်မာအလုပ်သမားများကို Actual Tokyo Max မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။
သို့သော် အလုပ်သမားများနှင့် အေဂျင်စီတို့ကြား ချုပ်ဆိုထားသည့် စာချုပ်ပါ အလုပ်အကိုင်အတိုင်း မလုပ်ကိုင်ရဘဲ ရတ်ခ်ျဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။
ယင်းလုပ်ငန်းခွင်တွင် ဇူလိုင်လ ၂၄ ရက်နေ့က အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဩဂုတ်လ ၂၅ ရက်နေ့အထိ အလုပ်လုပ်ကိုင်ပြီးနောက် လုပ်အားခ တောင်းခံရာ အလုပ်ရှင်သူဌေးက လုပ်အားခထုတ်မပေးဘဲ အချိန်မကြာခဏ ရွှေ့ဆိုင်းနေကြောင်း ၎င်းတို့က ဆိုသည်။
လုပ်အားခမရသဖြင့် စားသောက်ရေးနှင့် နေထိုင်ရေးများ ခက်ခဲနေကြောင်း အလုပ်သမားတစ်ဦးက ပြောဆိုသည်။
“အခက်အခဲတော်တော်ဖြစ်နေပြီ။ ထမင်းစားဖို့တောင် မရှိတဲ့အထိ အခက်အခဲဖြစ်နေတာ။ မိန်းကလေးတွေဆိုရင် စရောက်တည်းက အခုချိန်အထိ ၉ ရက်ပဲ အလုပ်ဆင်းရတဲ့သူတွေလည်းရှိတယ်။ နှစ်ယောက်ကကျတော့ အရမ်းစိတ်ညစ်ပြီးတော့ မြန်မာနိုင်ငံပြန်သွားပြီ” ဟု ၎င်းက ပြောသည်။
လုပ်ခလစာ မရသဖြင့် အေဂျင်စီသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာ ဩဂုတ်လ ၃၀ ရက်နေ့တွင် လာရောက် ဖြေရှင်းပေးမည်ဟုပြောဆိုသော်လည်း လာရောက်ဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်အားခမရရှိခြင်းသာမဟုတ်ဘဲ အလုပ်ပုံမှန်မဆင်းရခြင်း၊ နေရာထိုင်ခင်း မိုးမလုံခြင်းများလည်း ကြုံတွေ့ခဲ့ကြရပြီး လုပ်အားခမရသဖြင့် ဩဂုတ်လ ၂၅ ရက်နေ့မှစ၍ အလုပ်မဆင်းတော့ကြောင်း အလုပ်သမားများထံမှ သိရသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ Actual Tokyo Max အေဂျင်စီ တာဝန်ရှိသူထံသို့ မေးမြန်းရာ အေဂျင်စီဘက်က လူကိုယ်တိုင် မလာရောက်နိုင်သော်လည်း အလုပ်ရှင်နှင့် အလုပ်သမားများကို မပြတ်ဆက်သွယ်မေးမြန်း၍ ကူညီဖြေရှင်းပေးနေကြောင်း ပြောသည်။
အလုပ်ရှင်က လုပ်အားခမထုတ်ပေးနိုင်သဖြင့် အေဂျင်စီဘက်က ချေးငွေသဘောမျိုးဖြင့် တစ်ဦးလျှင် ဘတ်ငွေ ငါးရာ၊ တစ်ထောင်ခန့် ကြိုတင်ငွေ ထုတ်ပေးထားကြောင်း ၎င်းက ဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်း သတ်မှတ်ထားသော ရာခိုင်နှုန်းအထိ ပြီးမှသာ အလုပ်ရှင်က ငွေကြေးရရှိမည် ဖြစ်သဖြင့် လက်ရှိတွင် အလုပ်ရှင်က အချိန်မီ ထုတ်ပေးနိုင်ခြင်းမရှိဖြစ်နေသည်ဟု အေဂျင်စီမှ တာဝန်ခံတစ်ဦးက ပြောသည်။
လာမည့်အပတ်တွင်လည်း အလုပ်သမားများ အဆင်ပြေစေရန် တတ်နိုင်သော ငွေကြေးတစ်ခုကို ထုတ်ပေးသွား၍ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အေဂျင်စီဘက်က လာမည့်အပတ်တွင် ဖြေရှင်းပေးမည်ဟုပြောကြားထားသော်လည်း အလုပ်သမားများ အဆင်ပြေမှု ရှိမရှိ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း WAG အဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။
မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်ခဲ့သော်လည်း လုပ်အားခမရရှိခြင်း၊ အထောက် အထား သိမ်းဆည်းခံရခြင်း၊ အကြောင်းပြချက်မရှိဘဲ အလုပ်ဖြုတ်ခံရခြင်းများ ဆက်တိုက် ကြုံတွေ့နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။