BREAKING
October 21, 2025

ရေထွက်ကုန်ဈေးတက်သည့် ထားဝယ်ဈေးကွက်

August 2, 2025

ထားဝယ်ရေထွက်ကုန်ဈေးကွက်တွင် လူအများစားသုံးလေ့ရှိသည့် ရေထွက်ကုန်အချို့ ယခုသီတင်းပတ်အတွင်း ဈေးတက်လာသည်။

ပြီးခဲ့သည့် သီတင်းပတ် ဇူလိုင်လ ၂၆ ရက်တွင် ငါးဒွန်းခြင်းတစ်ပိဿာ ၁၄၀၀၀ကျပ်စျေးရှိရာမှ ဩဂုတ်လ ၂ ရက်တွင် တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ပါတူး ငါး ဒေသအခေါ် (ငါးလုံး) တစ်ပိဿာ ၁၃၀၀၀ကျပ်မှ ဩဂုတ်လ ၂ ရက်တွင် ၁၇၀၀၀ကျပ်သို့ ဈေးတက်သွားသည်။

ထို့အတူငါးကွန်းရှပ်မှာလည်း တစ်ပိဿာ ၂၈၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်၊ ငါးမဲလုံးတစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်နှင့် ဖိုးထောမဲတစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်သို့ အသီးသီးဈေးတက်သွားသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် ယခုသီတင်းပတ်အတွင်း ငါးဒွန်းခြင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ပါတူး (ခေါ်) ငါးလုံးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ငါမဲလုံးတစ်ပိဿာလျှင်နှင့် ဖိုးထောမဲ တစ်ပိဿာလျှင် ၃၀၀၀ကျပ်စီ စျေးတက်သွားခြင်းဖြစ်သည်။

ဇူလိုင်လကုန်ပတ်အတွင် တနင်္သာရီတိုင်း၏ ပင်လယ်ပြင်၌ ရာသီဥတုဆိုးရွားခြင်းနှင့် ပင်လယ်ရေစီးကြမ်းခြင်းကြောင့် ငါးဖမ်းရရှိမှု နည်း၍ ဈေးကွက်အတွင်း ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စားဖိုဆောင်သီးနှံများဖြစ်သည့် အာလူးနှင့် ငရုတ်တို့မှာလည်း ယခုသီတင်းပတ်အတွင်း ဈေးတက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် ဇူလိုင် ၂၆ ရက်က အားလူးတစ်ပိဿာ ၆၀၀၀ကျပ်မှ ဩဂုတ်၂ ရက်တွင် ၆၅၀၀ကျပ် ဖြစ်သွားပြီး ရွှေအပ်ငရုတ်ခြောက်ဈေးနှုန်းမှာလည်း တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၃၀၀၀ကျပ်သို့ ဈေးတက်သွားသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် တစ်ပိတ်အတွင်း အာလူးနှင့် ရွှေအပ်ငရုတ်ခြောက်တို့မှ တစ်ပိဿာလျှင် ၅၀၀ကျပ်စီ ဈေးတက်သွားခြင်းဖြစ်သည်။