မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်ကောင်စီ ခမရ-၃၄၃ တပ်ရင်း တပ်ဝင်းရှိ စခန်းကုန်းတစ်ခုကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံများပြောဆိုချက်နှင့် ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။
ယနေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။
“လက်နက်ကြီးတွေပဲ ကြားနေရတယ်။ ဖြစ်တာက အာယုတောင်လမ်းဝ ကားလမ်းမှာပဲလေ။ အဲဒီမှာက စစ်တပ်ရှိတယ် ဆိုတော့ အဲဒါကို ဝင်ပစ်တာတဲ့။ တိုက်ပွဲဖြစ်တော့ ကားတွေလည်း မဖြတ်ရဲကြဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲကြောင့် ယနေ့ နံနက်ပိုင်းတွင် ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ကားလမ်းပိတ်ဆို့ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကားများ ပြန်လည်ဖြတ်သန်းသွားလာကြကြောင်း ဒေသခံအချို့က ဆိုသည်။
သို့သော် လမ်းသွားလမ်းလာ နည်းပါးကြောင်းလည်း ၎င်းတို့က ပြောဆိုသည်။
နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီး ၄၅ မိခန့်အကြာတွင် စစ်ကောင်စီ ခမရ-၃၄၃ တပ်ဝင်းအတွင်းရှိ စခန်းကုန်းတစ်ခုကို အပြီးသတ် သိမ်းယူနိုင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း ရေးဘီလူးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အသေးစိတ်အခြေအနေကို သေသေချာချာမသိရသေးကြောင်း ဒေသခံများက ဆိုသည်။
“ရေးဘီလူးဘက်က တစ်ယောက် ကျသွားတယ်လို့ သိရတယ်။ တပ်ဘက်ကလည်း ထိတာရှိတယ်။ ဒါပေမဲ့ အတိအကျတော့ စုံစမ်းနေဆဲပဲ” ဟု ဒေသခံအခြားတစ်ဦးက ပြောသည်။
ရေးဘီလူးအဖွဲ့သည် ခမရ ၃၄၃ တပ်ရင်းကို မကြာခဏ တိုက်ခိုက်လေ့ရှိသည့်အပြင် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ခမရ ၃၄၃ တပ်ရင်းက ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။
ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်း အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း တပ်စခန်းများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသလို စစ်ကောင်စီစစ်ကြောင်း၊ စစ်ယာဉ်များကိုလည်း ကြားဖြတ်တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်သည်။