BREAKING
June 4, 2025

မွန်တွင် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးသိမ်းဆည်း

June 2, 2025

ပုံစာ - ဆိုင်ကယ်အရောင်းဆိုင်များတွင် စစ်ကောင်စီက စစ်ဆေးနေစဉ်။ ဓာတ်ပုံ - မွန်ပြည်နယ်စစ်ကောင်စီ။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လိုင်စင်မဲ့ယာဉ်များကို စစ်ကောင်စီက စီမံချက်ဖြင့် နေ့ရောညပါ လိုက်လံ ဖမ်းဆီးသိမ်းဆည်းနေပြီး ယာဉ်ပိုင်ရှင်များကိုလည်း အရေးယူကြောင်း ဒေသခံများက ပြောသည်။

ပြည်နယ်အတွင်းရှိ မြို့အဝင်၊ အထွက်နေရာများ၊ မြို့တွင်းလမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများတွင် စစ်ကောင်စီတပ်၊ ရဲ၊ ယာဉ်ထိန်းရဲတို့ ပူးပေါင်းတပ်ဖွဲ့တို့က စီမံချက်ဖြင့် လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များကို မေလ ၃၀ရက်မှ စတင်ကာ အရှိန်အဟုန်မြှင့် လိုက်လံဖမ်းဆီးနေကြောင်း ၎င်းတို့က ဆိုသည်။

လိုင်စင်မဲ့ယာဉ်များကို သိမ်းဆည်းပြီး မော်တော်ယာဉ်ပိုင်ရှင်များကိုလည်း ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူနေကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါပုဒ်မမှာ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များ လိုက်လံဖမ်းဆီးနေချိန်တွင် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတို့က လိုင်စင်မဲ့များဖြင့် သွားလာနေသည့်အပေါ် ဝေဖန်မှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျေးရွာများဘက်တွင်လည်း အဖမ်းအဆီးကြမ်းနေပြီး နေအိမ်ထဲထိ ဝင်ဖမ်းနေသည်ဆိုသည့် သတင်းကြောင့် လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်များ လက်ဝယ်ရှိသူများ စိုးရိမ်နေရသည့် အနေအထားဖြစ်ကြောင်း မုဒုံဒေသခံတစ်ဦးက ဆိုသည်။

“မြို့အဝင်အထွက်တွေမှာ မိုးလင်းတာနဲ့ကို ဖမ်းတော့တာပဲ။ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒီတစ်ခါ အဖမ်းအဆီးက တော်တော်ကြမ်းတယ်။ အခု လိုင်စင်မဲ့ကားတွေ ဆိုင်ကယ်တွေကို စီးဖို့ မပြောနဲ့ အိမ်မှာတောင် မထားရဲကြတော့ဘူး” ဟု ၎င်းက ပြောသည်။

ဆိုင်ကယ်အရောင်းဆိုင်များတွင်လည်း လိုင်စင်မဲ့နှင့် လိုင်စင်သက်တမ်းလွန်ဆိုင်ကယ်များ ရောင်းချနေခြင်း ရှိ၊ မရှိကိုလည်း စစ်ကောင်စီ ပူးပေါင်းအဖွဲ့တို့က လိုက်လံစစ်ဆေးနေကြောင်း ဆိုင်ကယ်အရောင်းဆိုင်များထံမှ သိရသည်။

မေလ ၂၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီညှိနှိုင်းအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုင်စင်မဲ့ ယာဉ်များကို စိစစ်ဖော်ထုတ် အရေးယူရန် ညွှန်ကြားခဲ့ပြီးနောက် လိုင်စင်မဲ့ယာဉ်များကို ယခုကဲ့သို့ ဖမ်းဆီးလာခြင်းဖြစ်သည်။

လိုင်စင်မဲ့ မော်တော်ယာဉ်များ ပြည်နယ်အတွင်း ရှိနေခြင်းမှာ စစ်ကောင်စီက တင်သွင်းခွင့်ပြုသောကြောင့်သာ ရှိနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ဒီလိုင်စင်မဲ့တွေ ဒီဒေသကို ရောက်လာဖို့က သူတို့ (စစ်ကောင်စီ) ကို ဖြတ်ပြီးမှပဲ ရောက်လာတယ်။ သူတို့ကို ပေးပြီးမှ ရောက်လာတယ်။ အခုကျတော့ သူတို့ပဲ လိုက်ဖမ်းတော့ ဘယ်လိုလုပ်မလဲ လိုင်စင်မဲ့တွေ သွင်းနေတာကို အရင်ဖမ်းရမှာလေ” ဟု လိုင်စင်မဲ့ယာဉ် စီးနင်းနေသူတစ်ဦးက ပြောသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များသည် နယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီမှတစ်ဆင့် တင်သွင်းပြီး စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်း အစရှိသည့် အဖွဲ့အစည်းတို့ကို အခကြေးငွေပေးကာ မြန်မာပြည်အနှံ့ ပို့ဆောင်နေသည်ဟု မော်တော်ယာဉ်အရောင်းအဝယ်ပြုလုပ်နေသူများထံမှ သိရသည်။

ယခင်အစိုးရအဆက်ဆက်ကလည်း လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးခဲ့သော်လည်း ပြည်နယ်အတွင်းက လိုင်စင်မဲ့ယာဉ် အသုံးပြုမှု လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုများပြားလာကြောင်း လိုင်စင်မဲ့ယာဉ် အသုံးပြုသူတို့က ပြောသည်။