ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် မြန်မာအလုပ်သမားများ လိုက်ပါသော ပစ်ကပ်ကားတစ်စီးသည် မြောင်းထဲထိုးကျ တိမ်းမှောက်မှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး ၁၀ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
မေလ ၃၁ရက် ည ၉နာရီခွဲတွင် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ နောလူအရပ်တွင် ကားတိမ်းမှောက်ခြင်း ဖြစ်သည်။
နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို ကားဖြင့် ခေါ်ယူလာနေသည်ဟု သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အမှောင်ထဲတွင် ပစ်ကပ်ကား သုံးစီး အရှိန်ဖြင့်မောင်းနှင်လာကြောင်း ရေးသားထားသည်။
ရပ်တန့်စစ်ဆေးခံရန် ကားများကို အချက်ပြသော်လည်း အစစ်ဆေးမခံဘဲ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ကားဖြင့် တိုက်ကာ ထွက်ပြေးသွားကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရပြီး အရေးပေါ်ဆေးကုသရန် စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ရကြောင်း ဖော်ပြသည်။

ယင်းနောက် ပစ်ကပ်ကားတစ်စီး မြောင်းထဲထိုးကျ တိမ်းမှောက်နေသည်ဟု ထပ်မံသတင်းပေးလာသဖြင့် ရဲများက သွားရောက်စစ်ဆေးရာ ထွက်ပြေးသွားသည့် ကား သုံးစီးအနက် တစ်စီးဖြစ်နေကြောင်း ဖော်ပြသည်။
ကျန်နှစ်စီးမှာ လွတ်မြောက်သွားခဲ့ကြောင်း ဆိုသည်။
တိမ်းမှောက်သည့် ကားဘေးတွင် အသက် ၂၂ နှစ်အရွယ် ကိုစောလင်းကို အမည်ရှိ မြန်မာအလုပ်သမားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြသည်။
ဒဏ်ရာရထားသည့် မြန်မာအလုပ်သမား အမျိုးသား ရှစ်ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၀ ဦးမှာ ကားအနီး ချုံတောများတွင် ပုန်းခိုနေသည်ကို တွေ့ရကြောင်း ရေးသားထားသည်။
သေဆုံးသွားသော မြန်မာအလုပ်သမား၏ အလောင်းကို စန်ခရာဘူရီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန် ၁၀ ဦးကို ဥပဒေအရ စစ်ဆေးအရေးယူရန် စန်ခရာဘူရီရဲစခန်းသို့ ခေါ်သွားခဲ့ကြောင်း ဆိုသည်။
မေလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၃၈၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ကားမှောက်မှုကြောင့် မြန်မာအလုပ်သမား လေးဦး သေဆုံးခဲ့သည်။
ဇွန်လ ၁ရက် နံနက်ပိုင်းတွင်လည်း အယုဒ္ဓယခရိုင်ရှိ အာရှလမ်းမကြီးတွင် မြန်မာအလုပ်သမားများကို တင်ဆောင် လာသော ဗန်ကားတစ်စီးသည် တိမ်းမှောက်ကာ မီးလောင်ပေါက်ကွဲသဖြင့် အနည်းဆုံးလေးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသည်။
Ref: naewna, Thai Post