BREAKING
May 3, 2025

စည်ကားတဲ့ တစပြင်

May 2, 2025

သုဿန်ဝင်းသည် မနက်ခင်းဝယ်တိတ်တဆိတ်။ နွေနှောင်းတွင်ရွက်ဝါတို့ပင်မရှိရှာလေတော့သော ရိုးတံကျဲကျဲ သစ်ပင်အချို့သည် ဝင်းထဲတွင် ငြိမ်သက်နေသည်။

မီးသင်္ဂြိုဟ်စက်ရှိရာ အဆောင်နှင့် မဝေးလှသော နာရေးဇရပ်တွင် အသက်မဲ့ရှာနေပြီဖြစ်သော သူတယောက်သည် အအေးခန်းသေတ္တာထဲဝယ် လျောင်းစက်နေသည်။

မကြာမီသူ၏ ဥတုဇရုပ်ကလာပ်သည်လည်း လောင်မြိုက်ခံရပေတော့မည်။

ခပ်နွမ်းနွမ်းကားတစီး ဝင်းထဲသို့ဝင်လာသဖြင့် သင်္ချိုင်းဝင်းထဲတွင် အစာရှာနေသော ငှက်တအုပ် အလန့်တကြား ထပျံသွားသည်။

ရုတ်တရက် ထအော်သော တစ်တီတူးငှက်၏ မြည်သံကားစူးလှ၏။ အနီးအနားရှိအပင်ပေါ်မှ ဥဩငှက်သည် ခပ်ဆွေးဆွေး တေးသွားတပုဒ်ကို မနက်စောစောထဆိုနေပြန်သည်။ ကားပေါ်မှ လူတချို့ဆင်းလာကြသည်။

သူတို့၏ ပစ္စည်းများကို နေရာချနေသည်။ ကားပေါ်ကဆင်းလာသူ မည်သူကမျှ နာရေးဇရပ်သို့ ခြေဦးမလှည့်။ သူတို့၏ ပစ္စည်းများကို နေရာချရန်သာ အာရုံကျနေကြသည်။

ပါလာသော စားပွဲများ၊ ခုံများကိုနေရာချနေသည်။ ထီးအကြီးကြီးများဖြင့် ယာယီအမိုးလုပ်သည်။ သူတို့၏ အထုပ်များ၊ ပုံးများ၊ သေတ္တာများထဲက ပစ္စည်းများက အစီအရီ။

ထိုသူတွေလိုပင် အခြားသူအချို့လည်း အထုပ်အပိုးများတင်ကာ ကားဖြင့်လည်းကောင်း၊ ဆိုင်ကယ်များ ဖြင့်လည်းကောင်း ဤတစပြင်ဝင်းထဲ တဖွဲဖွဲဝင်လာကြပြန်သည်။ အချိန်းကား နေ့ခင်းဖက်သို့ တရွေ့ရွေ့ ရောက်လာလေပြီ။ တချို့က နာရေးဇရပ်ရှေ့တွင် နေရာယူလိုက်သည်။ တချို့က မီးသင်္ဂြိုဟ်စက်၏ တူရှုတွင် နေရာချသည်။

တချို့ကလည်း သင့်လျော်ရာတွင် ခင်းကျင်းခြင်း၊ ယာယီတဲအမိုး၊ ထီးကြီးများဖြင့် နေရာယူကာ ပါလာသော ပစ္စည်းများကို နေရာချနေကြသည်။ သူတို့တွင် ကြောက်လန့်ခြင်းလည်း မရှိ။

ဝမ်းနည်းလျက် ညှိုးငယ်သော မျက်နှာကိုလည်း မတွေ့ကြရ။ နာရေးဇရပ်ရှိ ရုပ်ကလာပ်ကိုလည်း အာရုံပင် မရ။ ထိုသူတို့မှာ သူတို့ကိစ္စနှင့်သာ အလုပ်များနေသလိုပင်။ ကြည့်ရသည်မှာ ဤနေရာ ဤအခင်းအကျင်းနှင့် အသားကျနေပြီးသား လိုမျိုး ဖြစ်သည်။

အမျိုးသမီးကြီးတဦးသည် မီးသင်္ဂြိုဟ်စက်နှင့် မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းတွင် သူ၏ စားပွဲကိုပြင်ဤ ထီးမိုးထားလိုက်သည်။ ထို့နောက် အမဲသား အစိမ်းများကို နေရာချနေ၏။ အသား၊ အရွတ်၊ ကလီစာ၊ ပုဆိုးကြမ်း စုံနေသည်။

ဘယ်ကပေါ်လာမှန်း မသိသော ယင်ကောင်အနက်များကား အမဲသားစိမ်းများထံသို့ အလုအယက် လာနေကြပြန်သည်။ ထိုအမျိုးသမီးလိုပင် ဤဝင်းထဲသို့ ငါးစိမ်း၊ သားစိမ်းမျိုးစုံကို အချို့က သယ်လာ၍နေရာချ နေကြသည်။ ငါးအရှင်များပင်ပါ၏။

သို့သော်တချို့မှာ ချက်ပြုတ်ပြီးသား အသားဟင်းများလည်း ခင်းကျင်းနေသည်။ မုန့်များ၊ သွားရေစာများနှင့် ဟင်းသီးဟင်းရွက် အချို့နှင့် ဝင်လာကြသူများလည်းရှိသည်။ သင်္ကန်းဝါထိန်ထိန်နှင့် ဦးဇင်း ကိုရင် အချို့လည်း သုဿန်ဝင်း၏ အဝင်တွင် နေရာယူလိုက်သည်။

သည်လိုမြင်ကွင်းမျိုးကား သူ့အချိန်ရောက်လျှင် မြင်နေရစမြဲ။ ယခုလည်းတွေ့ရပြန်ပြီ။ ပြက္ခဒိန်ကို သေချာကြည့်မိလိုက်မှပင် သဘောပေါက်သွားသည်။ သည်လိုနေ့မျိုးတွင် တွေ့ရစမြဲမြင်ကွင်းကား ပေါ်လာပြန်ချေပြီ။

မစည်ကားအပ်သော အရပ်ဟု ညွှန်းပါလျှင် သုဿန်တစပြင်ကို ညွှန်းကြသည်။ ကွယ်လွန်သူများ၏ နားနေရာ။ မျက်ရည်များ ကြေကွဲမှုများနှင့် ခွဲခွာရခြင်း၏ သရုပ်သကန်ဖြင့် ပြည့်နေသော နေရာဖြစ်သည်ကိုး။ နေရာတခုတွင် လူအများ အကြောင်းမျိုးစုံဖြင့် ကွယ်လွန်ကြလျှင် ဤနေရာသို့လာကြမည်။

သင်္ချိုင်းသည် စည်နေပြီဆိုလျှင် လူအများအဖို့ကား နာကျင်ခံစားရခြင်း ငိုကြွေးမြည်တမ်းရခြင်း သောက ပရိဒေဝမီးများနှင့် ပြည့်နေပြီဟု ဆိုရမလိုဖြစ်သည်။

လိပ်ပြာနုသော ကြောက်တတ်သူတို့အဖို့အနားသို့ပင် မသီရဲသော အရပ်မျိုးလည်း ဖြစ်ပေမည်။ ဤအရပ်မျိုးသို့ ထိုလူများ ဘာလာလုပ်ကြပါသနည်း။

ယခု မြင်ရသည့်မြင်ကွင်းကား တမျိုးဖြစ်နေပြန်သည်။ ဤသုဿန်ဝင်းထဲသို့ လူအများဝင်လာကြသည်။ ပြန်သွားကြသည်။ အချို့က အချင်းချင်း စကားတွေ ဖောင်ဖွဲ့နေသည်။ ဤဝင်းထဲသို့ အရွယ်စုံသော လူများရောက်လာကြသည်။

လမ်းမလျှောက်တတ်သေးသည့် ကလေးများလည်း မိခင်က ပွေ့ချီလာသည်။ ဇရာထောင်းနေသူအချို့ကလည်း တဖြည်းဖြည်းဝင်လာ၏။ လူငယ်၊ လူရွယ်၊ အလွှာစုံက လူအများလာကြသည်။

ဝင်းကလေးသည် စည်စည်ကားကား နှင့် ညနေခင်းကို ဖြတ်ကျော်နေသည်။ လူများစွာဝင်လာကြသဖြင့် အချို့နေရာတွင် တိုးတိုးကျပ်ကျပ်နှင့် ပင် ဖြစ်နေသည်။

နာရေးဇရပ်တွင် နာရေးရှင်သည် လူတချို့နှင့် ဧည့်ခံစကားပြောနေသည်။ သို့သော် ဤဝင်းအတွင်း ဝင်လာသူအများစုကား နာရေး ဇရပ်ဖက်သို့ခြေဦးပင်မလှည့်ကြ။

တချို့မှာ ရယ်ရယ်မောမော နှင့် အပြုံးများဝေလျက်။ တချို့မှာတော့ ခပ်နွမ်းနွမ်း မျက်လုံးများဖြင့် ဝင်လာသူတချို့ကို မျှော်ကြည့်နေသည်။

လူကြီးတယောက်ကတော့ လေမှုတ်တူရိယာတမျိုးဖြင့် တေးသီနေပြန်သည်။ လူအုပ်ကြီးဖြစ်လာသောအခါ ဤဝင်းသည် စကားသံများဖြင့် ညံလာသည်။ ညနေစောင်းကျောင်းလွှတ်သောအခါ ကလေးတချို့သည် ဤဝင်းကြီးထဲသို့ဝင်လာ၍ ဆော့ကစားနေကြပြန်သည်။

ကစားခြင်းကိုသာ ခုံမင်နေ၍ ကြောက်လန့်ခြင်း အလျင်းကင်းနေပုံရသော ကလေးများပါပေ။ ကလေးများပင်မဟုတ်။ တချို့သော လူငယ် ဇနီးမောင်နှံသည် ဤဝင်းအတွင်းသို့ ဝင်လာပြီးလျှင် ကိုယ်လက်လှုပ်ရှား အားကစားပင် လုပ်နေလိုက်သေး၏။

ဆော့နေသော ကလေးများထံကလည်း အော်ဟစ်သံခပ်ကျယ်ကျယ်၊ ရယ်မောနေသံကလည်း ခပ်ပြင်းပြင်းထွက်လာပြန်သည်။

ဤသို့ စည်စည်ကားကားနှင့် ဖြစ်တတ်သည်ကလည်း နေ့တိုင်းတော့မဟုတ်နေပြန်။ တချို့နေ့များတွင် နာရေးမရှိ။ တချို့ရက်များတွင် နာရေးရှိသော်လည်း ဤသို့မစည်။ မနက်ခင်းနာရေးမှာလည်း ခပ်စောစောပြီးသည်သာ များ၏။

မီးသင်္ဂြိုဟ်ခြင်းအခမ်းအနားတွင် ဗြောက်အိုးဖောက်သော အလေ့ဤအရပ်တွင်ရှိရာ နာရေးရှိလျှင် အလွန်ကျယ်လောင်သော ဗြောက်ဖောက်သံမျိုးထွက်လာတတ်သည်။ ငှက်တအုပ်လန့်ထပျံတတ်ကြသည်။

သစ်ပင်များအကြားက သင်္ဂြိုဟ်စက်မီးခိုးခေါင်တိုင်မှ မီးခိုးများအူထွက်လာတတ်သည်။ အနက်ရောင် ဝတ်ထားကြသူများ၊ ငိုကြွေးနေသူများ၊ နာရေးအဖွဲ့ဝန်ထမ်းများကို မြင်ရတတ်သည်။ ဤကား လူတဦး၏ ဘဝ တခန်းရပ်သည့် နောက်ဆုံးမြင်ကွင်းမျိုးဖြစ်သည်။

သို့သော် လူအများအပြားဤဝင်းသို့ဝင်လာကြ၍ တိုးကြိတ်နေအောင်ပင် စည်နေတတ်သည်က တပတ်တွင် တရက်တည်း။ ညနေခင်းမှသာ စည်တတ်သော အခင်းအကျင်းမျိုးဖြစ်သည်။ ဤကား တစပြင်ဝင်းထဲ ဈေးလာရောင်းသူ ဈေးလာဝယ်သူများဖြင့် စည်နေသော အခါမျိုး တပတ်တရက်ဈေးနေ့မျိုးမှသာဖြစ်သည်။

ဤဝင်းထဲတွင်ပင် သားစိမ်း ငါးစိမ်းမှအစ အဝတ်အထည်၊ အိမ်သုံးပစ္စည်းအချို့နှင့် အသီးအနှံ အစားအသောက် ပေါင်းစုံကို ရောင်းကြ ဝယ်ကြသည်။ တောင်ပေါ်မှ လတ်ဆတ်သော အသီးအနှံများ၊ ရှားပါးသော ဟင်းသီးဟင်းရွက်များလည်း ဤ ဈေးကလေးတွင် တွေ့ရတတ်သည်။ အမယ်စုံ၊ ရောင်းကုန်စုံနှင့် ငါးခြောက် ငါးခြမ်း၊ ငါးပိများပင်ရသည့် ဈေးကလေးမျိုးပင်ဖြစ်သည်။

ဈေးလာဝယ်သူအချို့သည်လည်း ဤဝင်းကလေးကို သုဿန်ဝင်းဟူ၍ သတိမပြုမိကြ။ ဝယ်ခြမ်းရန်သာ စိတ်စောနေဟန်ရှိသည်။ ဤအရပ်ကလူအများသည်လည်း ဤဝင်းထဲတွင် ဈေးခင်း ဈေးရောင်းသည်ကို ထူးထူး ခြားခြား အယူသည်းမှုမရှိ။

ဝယ်ကြ ရောင်းကြ ဖောက်ကားကြနှင့် သူတို့၏ ဘဝထဲက နိစ္စဓူဝ ဖြတ်သန်းမှု တခုသာဟု ယူဆကြဟန်ပင်။ မြို့ထဲက ဤဝင်းကလေးကို နားရေးအတွက်လည်းသုံး၊ ဈေးအဖြစ်လည်းသုံး၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရာနေရာအဖြစ်လည်း သုံး၊ ကလေးများကစားကွင်းအတွက်လည်းသုံး၊ ခဏတာ ကားရပ်ရန် ကားပါကင်အဖြစ်လည်းသုံးသည်။

ဝင်းထဲတွင် မီးသတ်ကားလည်းထားသည်။ အရပ်ထဲ ရေဖြန့်ဖြူးသည့် ရေကန်လည်းရှိပြန်သည်။ ဪ.. သူ့အရပ် သူ့ဇာတ်နှင့်ပင်ဖြစ်သည်။ နေရာတခုကို မျိုးစုံ သုံးကြခြင်းပင်တည်း။

ထိုစတပြင်ဝင်းထဲတွင် ဈေးရှိသည့်နေကား အပတ်စဉ် တနင်္လာနေ့တွင် ကျသဖြင့် ဤအရပ်မှ လူအများက တနင်္လာဈေးဟု ညွှန်းကြသည်။

ဘိုလိုမှုတ်သူတချို့ကတော့ မန်းဒေးမာ့ကက်ဟု ဆိုသည်။ မိမိကတော့ ထိုဈေးကလေးကို တစပြင်မာ့ကက် ဟု အမည်မှည့်ထားလိုက်သည်။

မေဖြူလွှာ