BREAKING
May 2, 2025

မွန်‌‌စျေးကွက်တွင် ဆားကြမ်းစျေး စံချိန်တင် မြင့်တက်

May 2, 2025

ပုံစာ - သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာဆားကွင်း (ပုံဟောင်း)

မွန်ပြည်နယ်တွင် ယခုနှစ်ဆားရာသီ ဆားအထွက်လျော့နည်းသည့်အတွက် လက်ရှိတွင် ဆားကြမ်း တစ်ပိဿာ ပေါက်စျေး ကျပ် ၅၀၀ ကျော်အထိ စံချိန်တင်မြင့်တက်နေကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်အချို့က ပြောသည်။

ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် အလုပ်သမားအခက်အခဲကြောင့် ဆားလုပ်ငန်းကောင်းကောင်း မလည်ပတ်နိုင်သည့် အတွက် ဆားထုတ်လုပ်နိုင်မှု လျော့နည်းသလို ရာသီဥတုကြောင့်လည်း ဆားလုပ်ငန်းခွင် စောပြီး ပိတ်သိမ်းရသဖြင့် ဆားအထွက်လျော့နည်းကြောင်း ဆားတောင်သူများက ဆိုသည်။

ဆားထုတ်လုပ်မှု လျော့ကျပြီး ဆားတောင်သူများလက်ထဲ ဆားမရှိသည့်အတွက် ဆားစျေးလည်း မြင့်တက်လာကြောင်း သံဖြူဇမြို့နယ်၊ ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောဆိုသည်။

“ဒီနှစ်လိုမျိုး တခါမှ မကြုံဖူးဘူး။ ဆားထုတ်လုပ်လို့ကောင်းတဲ့ ဧပြီလမှာ မိုးက တစ်လလုံးနီးပါးပဲ ရွာတာ။ ဆားလုပ်ငန်းခွင် ပိတ်သိမ်းရတဲ့အထိပါပဲ။ ပုံမှန်ဆို ဆားလုပ်ငန်းက မေလကုန်လောက်မှ သိမ်းကြတာ။ ဒီနှစ်က ရာသီဥတုကြောင့် ဆားကွင်းတွေ ပျက်စီးပြီး လုပ်ငန်းတွေ စောသိမ်းရတော့ ဆားအထွက်လည်း သိပ်မရှိဘူး” ဟု ၎င်းက ပြောသည်။

ဆားရာသီအစ ဇန်ဝါရီလခန့်က ဆားကြမ်းစျေးတစ်ပိဿာ ၁၅၀ ကျပ်သာ စျေးရှိခဲ့ရာမှ မတ်လအရောက်တွင် တစ်ပိဿာ ကျပ် ၂၅၀ မှ ၃၀၀ ဖြင့် ဆားကြမ်းစျေး မြင့်တက်လာပြီး ဧပြီလတွင် ကျပ် ၅၀၀ ကျော်အထိ မြင့်တက်လာကြောင်း ဆားလုပ်ငန်းရှင်းများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်များတွင်မူ ယခုကာလတွင် အမြင့်ဆုံးစျေး ၃၀၀ ဝန်းကျင်အထိသာရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဆားအထွက်နည်းပြီး ဆားတောင်သူများလက်ထဲ လက်ကျန်ဆား နည်းပါးနေသောကြောင့် ဆားစျေး ဆက်တက်ဖွယ်ရှိကြောင်းလည်း ၎င်းတို့က ဆိုသည်။

“ဆားစျေးက တစ်ခါမှ မရဖူး၊ မကြုံဖူးတဲ့စျေးဖြစ်နေတယ်။ ဒါပေမဲ့ ဆားတောင်သူတွေမှာ ဆားမရှိဘူး။ အများစုမှာ ဆား မရှိဘူး။ တချို့ ပိုက်ဆံရှိတဲ့လူတွေကပဲ သူတို့ဂိုထောင်မှာ ဆားရှိမယ်။ အဲ့ဒီလိုမျိုးဖြစ်နေပါတယ်” ဟု ဆားတောင်သူ အခြားတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်ပြင်ဆင်ကြပြီး နိုဝင်ဘာလ ဆန်းတွင် ပင်လယ်ရေတင်ကာ နေလှမ်းခြင်းကို စတင်လုပ်ကိုင်ကြရာ ဒီဇင်ဘာ၊ ဇန်နဝါရီလတွင် ဆားကြမ်း စတင်ထုတ်လုပ်ကြောင်း ပငရွာမှ ဆားတောင်သူတို့၏ ပြောပြချက်အရ သိရသည်။

သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုက်ခမီမြို့နှင့် စက်စဲ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျွေရွာတို့တွင် နေလှမ်းဆား တန်ချိန်သောင်းနှင့်ချီ ထုတ်လုပ်ရာဒေသဖြစ်သည်။

မွန်ပြည်နယ်မှ ထွက်သည့်ဆားများကို ပြည်နယ်အတွင်း အသုံးပြုသည့်အပြင် အထက်မြန်မာပြည် မန္တလေးစျေးကွက်၊ ကရင်ပြည်နယ်နှင့် တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းစျေးကွက်များသို့ အဓိက တင်ပို့ရောင်းချနေကြောင်း ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။