ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်တွင် အသက် ၇ နှစ်အရွယ် မြန်မာကလေးသေဆုံးမှု ရဲတပ်ဖွဲ့က မိခင်ကို ဖမ်းဝရမ်းထုတ်

April 2, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မင်ဘူလီနယ်မြေတွင် အသက် ၇ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ မိခင်ဖြစ်သူကို ဖမ်းဝရမ်းထုတ်ကာ အပြင်းအထန် ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ပြီးခဲ့သော မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က အသက် ၇ နှစ်အရွယ် မဇူးဝတီထွန်းအမည်ရှိ မြန်မာကလေးငယ်သည် လည်ပင်းညှစ်ခံရသော ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်သည်။

ကလေးမသေဆုံးမီ ညနေ ၃ နာရီခန့်က အခန်းထဲတွင် မိခင်ဖြစ်သူ မမျိုးပပထွန်းနှင့်အတူ ကလေးရှိနေကြောင်း၊ မိခင်ဖြစ်သူက အပြင်သွားမည်ဟုဆိုကာ အိမ်မှထွက်ခွာသွားခဲ့ကြောင်း အဖွားဖြစ်သူက ဖြေကြားထားသည်။

မိခင်ဖြစ်သူထွက်သွားပြီး ကလေးငယ်၏ အသံကို မကြားရသဖြင့် အဖွားက အခန်းထဲ သွားကြည့်ရာ စောင်ခြုံထားသော ကလေးငယ်ကို တွေ့ရကြောင်း၊ စောင်ကို ဖယ်လိုက်သောအခါ ကလေးငယ်သည် သတိမရှိတော့ကြောင်း သတင်းတွင်ပါရှိသည်။

အဖွားက ကလေးငယ်ကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သော်လည်း ကလေးငယ်မှာ သေဆုံးသွားခဲ့သည်။

ရဲတပ်ဖွဲ့များ ကလေးငယ်၏ အလောင်းကို လာစစ်ဆေးသောအခါ ကလေး၏ လည်ပင်းတွင် ညှစ်ထားသော ဒဏ်ရာကို တွေ့ရသဖြင့် မှုခင်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆက်လက်စုံစမ်းစစ်ဆေးခဲ့သည်။

ကလေးငယ်ကို ဆေးရုံသို့ ပို့ဆောင်စဉ် ကလေးငယ်၏ လည်ပင်းတွင် ဒဏ်ရာကို မတွေ့မိခဲ့ကြောင်း အဖွားဖြစ်သူက ဖြေကြားထားသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်သော အခန်းကို သွားရောက်စစ်ဆေးစဉ် ပြတင်းပေါက်အပြင်ဘက်တွင် ကြိုးကွင်းပုံ နိုင်လွန်ကြိုးတစ်ချောင်း၊ ရေသန့်ဘူးတစ်ကပ်ကို တွေ့ရသဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း သတင်းတွင်ပါရှိသည်။

သေဆုံးသူ ကလေးငယ်၏ မိခင်ဖြစ်သူမှာ အိမ်မှထွက်သွားပြီးနောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး သံသယရှိသူဟု သတ်မှတ်၍ ရဲတပ်ဖွဲ့က အပြင်းအထန် ရှာဖွေနေခြင်းဖြစ်သည်။ ကလေးငယ်၏ မိဘနှစ်ပါးမှာ ကလေးမွေးဖွားပြီးနောက် ကွာရှင်းပြတ်စဲထားကြောင်း သိရသည်။

လက်ရှိတွင် မိခင်ဖြစ်သူကို ကလေးငယ်ကို သတ်၍ ထွက်ပြေးနေသည်ဟု ရဲတပ်ဖွဲ့က ကနဦး ယူဆထားပြီး ဝရမ်းထုတ်၍ လူသတ်မှုဖြင့် တရားစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: Workpoint 23, Khaosod, CH 7, Daily News