ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မော်လမြိုင်တွင် နေအိမ်မီးလောင်ပြီး အဘိုးအဘွားနှစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

March 2, 2026

ဓာတ်ပုံ - Bo Bo Win Rescue

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုနယ်မြေရှိ နေအိမ်တစ်လုံး ယနေ့ မတ်လ ၂ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းရာ အဘိုးအဘွားနှစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ နံနက် ၂ နာရီခွဲခန့်တွင် ဈေးကြိုနယ်မြေ၊ ဒေါင်းဇရပ် အဟာရ မူကထဆိုင်ဘေးရှိ နှစ်ထပ်တိုက်အိမ်တစ်လုံး မီးလောင်ကျွမ်းကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

နေအိမ် မီးလောင်ကျွမ်းမှုကို မီးသတ်၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူတို့၏ ဝိုင်းဝန်းငြှိမ်းသတ်မှုဖြင့် နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

နေအိမ်မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တွင်ရှိနေသည့် အသက် ၇၀ ကျော် အဘိုးတစ်ဦး၊ အဘွားတစ်ဦး သေဆုံးသွားခဲ့ပြီး အသက် ၃၀ ဝန်းကျင် အမျိုးသမီးလည်း ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်စဉ် အကြောင်းအရင်းကို မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မီးလောင်ရတဲ့အကြောင်းအရင်းကတော့ မသိသေးဘူး။ မီးသတ်က စစ်ဆေးနေဆဲပဲ” ဟု အထက်ပါ အဖွဲ့ဝင်က ပြောဆိုသည်။

အဘိုးနှင့် အဘွား၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင် ထားပြီး ဒဏ်ရာရသည့် အမျိုးသမီးကိုလည်း မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။