စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြကာ အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၀ ခန့်ကို ကော့သောင်းဘက်သို့ ယနေ့ နေရပ်ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။
ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်နှစ်ကြိမ် နေရပ်ပြန်ပို့ခဲ့ရာတွင် မြန်မာနိုင်ငံသား ၁၆၈ ဦးကို စစ်အုပ်စုထံ ပြန်လွှဲပြောင်းထားပြီးဖြစ်သည်။
ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၅၈ ဦးနှင့်အတူ ကလေး ၃ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် ယခုနေရပ်ပြန်ပို့မှုမှာ ၂၀၂၆ ခုနှစ်အတွင်း ၃ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံသား ၂၂၈ ဦးကို စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသား ၁၇၅ ဦး နေရပ်ပြန်ပို့ခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ နေရပ်ပြန်ပို့ခံရမှု ၁၆ ကြိမ်ရှိခဲ့ပြီး နေရပ်ပြန်ပို့ခံရသူ ၂၀၇၂ ဦးရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူက ပြောသည်။
စစ်ကောင်စီကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများကို စစ်မှုထမ်းအသက်တွင် အကျုံးဝင်ပါက ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။







