ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းတွင် Facebook အသုံးပြုရခက်ခဲလာ၍ အွန်လိုင်းဈေးသည်များ TikTok ပြောင်းသုံးဟုဆို

February 2, 2026

ဓာတ်ပုံ - Dawei Watch

စစ်အုပ်စုက မြန်မာနိုင်ငံတွင် Facebook အသုံးပြုရ ခက်ခဲစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေမှုကြောင့် တနင်္သာရီတိုင်းမှ အွန်လိုင်းဈေးရောင်းသူ(Online Shop)များ ရောင်းအားကျလာသဖြင့် TikTok ပလက်ဖောင်းကို ပြောင်းလဲအသုံးပြုလာကြောင်း သိရသည်။

VPN ချိတ်ဆက်မရသည့် ပြဿနာ၊ VPN လိုင်းနှောင့်နှေးမှု ပြဿနာတို့ကြောင့် Facebook အရောင်းအဝယ်မှာ ၇၀ ရာခိုင်နှုန်းခန့် ရောင်းအားကျဆင်းသွားသည်ဟု မြိတ်မြို့က အဝတ်အထည်ရောင်းသူ Online ဈေးသည် လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်ကဆိုရင် Facebook ကနေပဲ ရောင်းကြတယ်၊ အခုနောက်ပိုင်း VPN ချိတ်ဆက်မရတဲ့ပြဿနာ ခဏခဏ ကြုံနေရတော့ TikTok ဘက်ကိုပဲ အကုန်လုံးက ပြောင်းကုန်တယ်၊ အခုနှစ် ဇန်နဝါရီလမှာဆိုရင်လည်း Facebook မှာ ဈေးရောင်းပို့စ်တစ်ခုတင်ရင် တော်တော်နဲ့ တင်မရဘူး၊ ဗီဒီယိုတစ်ပုဒ်တင်ရင်လည်း မနက်ကတင်တာ ညနေလောက်မှ တက်တာမျိုးပေါ့” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလ အစောပိုင်းကလည်း VPN ချိတ်ဆက်မရသည့် ပြဿနာကြောင့် Facebook မှ အွန်လိုင်းဈေးရောင်းသူ အများစုသည် TikTok ကို ပြောင်းလဲအသုံးပြုခဲ့ကြသည်ဟု ထားဝယ်နှင့် မြိတ်မြို့က အွန်လိုင်းရောင်းသူအချို့က ပြောသည်။

ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင်လည်း အခမဲ့အသုံးပြုနိုင်သည့် Free VPN များ ချိတ်ဆက်သုံးစွဲမရသလို၊ အခပေး VPN များလည်း ချိတ်ဆက်မရခြင်း၊ လိုင်းဆွဲအား နှောင့်နှေးခြင်းများ ထပ်မံဖြစ်ပေါ်နေသည်ဟု ၎င်းတို့က ပြောသည်။

“Facebook မှာ အရောင်းအဝယ် မကောင်းဖြစ်လာတော့ TikTok ကိုပဲ အဓိက အားကိုးလာရတယ်။ ညီမမှာတော့ Facebook မှာ ရောင်းအားကျသွားပေမဲ့ TikTok ကနေ ပြန်ထိုးဖောက်နိုင်တာကြောင့် ရောင်းအားပြန်ဖြည့်နိုင်တဲ့ အနေအထားရှိပါတယ်” ဟု ထားဝယ်မြို့မှ အထည်လက်လီလက်ကား ဖြန့်ဖြူးရောင်းချနေသူ လူငယ်အမျိုးသမီးက ပြောသည်။

အာဏာသိမ်းစစ်တပ်က Facebook နှင့် X (ယခင် Twitter) ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို ပြည်သူများ အသုံးမပြုနိုင်ရန် လုပ်ဆောင်ထားသဖြင့် ပြည်တွင်းနေသူ အများစုက Virtual Private Network (VPN) ခံပြီး အသုံးပြုနေရခြင်း ဖြစ်သည်။

TikTok၊ YouTube၊ Telegram ကဲ့သို့သော ဆိုရှယ်မီဒီယာများမှာ VPN ခံစရာမလိုဘဲ အသုံးပြုနိုင်သဖြင့် လက်ရှိလူအများစု အသုံးပြုနေသည့် TikTok တွင် အွန်လိုင်းဈေးသည်များ ဈေးကွက်ထိုးဖောက်လာခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

VPN ချိတ်ဆက်မရသည့် ပြဿနာ၊ VPN ခံသုံးမတတ်သည့် အခက်အခဲတို့ကြောင့် တိုင်းအတွင်းက အွန်လိုင်းဈေးသည်များ၊ လူလတ်ပိုင်းနှင့် လူကြီးပိုင်းများမှာ Facebook သုံးစွဲမှုပင် မရှိတော့ဘဲ TikTok သုံးစွဲမှု ပိုများလာသည်ဟု ထားဝယ်ခရိုင်က ဒေသခံအချို့က ပြောသည်။