ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မီးပွိုင့်မဲ့ အရပ်ကနေ ဆင်ခြင်ခြင်း

February 2, 2026

မီးပွိုင့်တွေ မမြင်ဖူးတာတောင် တော်တော်ကြာခဲ့ပြီလို့ တွေးမိတယ်။ ပြောရရင် မြို့ကြီးပြကြီးကနေ ဒီနယ်မြို့လေးကို ပြောင်းလာကတည်းကပဲ ဆိုပါတော့။ ဒီလို မီးပွိုင့်တွေ၊ လူအုပ်ကြီးတွေနဲ့ အဝေးမှာ ရက်ပေါင်းများစွာကြာလာတော့ ဘဝနေထိုင်မှုနဲ့ပတ်သက်တဲ့ ဆင်ခြင်မိတာတွေ ရှိလာတာပါပဲ။

မြို့ပြကြီးမှာ မီးပွိုင့်တွေကို အချိန်နဲ့အမျှ ကြုံတွေ့ရပါလိမ့်မယ်။ အနီရောင်မီးလေး လင်းလာတိုင်း ရှေ့ဆက်မတိုးနိုင်ဘဲ လမ်းပေါ်မှာ ရပ်တန့်နေကြရတယ်။ ဒါကို ‘သေဆုံးမှု’အဖြစ် ကျွန်တော် တင်စားစာဖွဲ့ခဲ့ဖူးပါတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ လူသားတွေဟာ နေ့စဉ်နဲ့အမျှ လမ်းမပေါ်ကို ထွက်လာပြီး သေဆုံးနေသလိုမျိုးပါပဲ။

မီးပွိုင့်ရပ်စောင့်နေရတဲ့အခါတိုင်း ကျွန်တော် ဘေးဘီကို ဝေ့ဝဲငေးမောရင်း အတွေးနယ်ချဲ့နေမိတတ်ပါတယ်။ ကိုယ့်လိုပဲ လမ်းပေါ်မှာ မတ်တပ်ရပ်ရင်း သေဆုံးနေကြတဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူတွေ။ ကျွန်တော် သူတို့ကို မသိသလို၊ သူတို့ကလည်း ကျွန်တော့်ကို မသိကြဘူး။ ဘာမှမသက်ဆိုင်သူများပေါ့လေ။

သာမန်အားဖြင့် အဲဒါဟာ ဘာမှမထူးဆန်းပေမဲ့ ချဲ့ထွင်ပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားမိတဲ့အခါ ဒါဟာ ကိုယ်ကိုယ်တိုင်ရဲ့ ဘာမှမဟုတ်မှုကိုပေါ်လွင်စေပါတယ်။

လူသားဟာ စကြဝဠာရဲ့အရှင်သခင်တွေ၊ ဘာတွေညာတွေ လျှောက်ပြောနေတာမျိုးရှိနေတာက တစ်ပိုင်းပေါ့လေ။ ဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူ့ဘယ်သူမှ မသိဘဲ သွားလာလှုပ်ရှားနေရတဲ့အဖြစ်ကတော့ တစ်မျိုးတစ်မည်ကြောင်တောင်တောင်ပါ။ တချို့ကတော့ ဒါကို မြို့ပြရဲ့ လူစိမ်းဆန်မှုလို့ ဆိုကြပါတယ်။

မြို့ပြသားတို့ရဲ့ စိတ်အခြေအနေဟာ တခြားသူတွေရဲ့ အရေးအရာတွေအပေါ် စိတ်မဝင်စားတော့သလိုမျိုး ဖြစ်သွားတတ်တယ်လို့ ဂျာမန်ပညာရှင် ဂျော့ဂျ် ဆင်းမဲလ်ဆိုတဲ့ပုဂ္ဂိုလ်က ပြောခဲ့ဖူးတယ်။

လူတွေဟာ စိတ်အာရုံနောက်ခြင်းကနေ ကာကွယ်ဖို့ ကိုယ့်ဘေးက လူတွေကိုတောင် မမြင်သလို နေလာကြတယ်။ ဒါဟာ မြို့ပြကပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ။ တစ်နေ့ကပဲ တရုတ်နိုင်ငံမှာ နာမည်ကြီးလာတဲ့ အပ်ပလီကေးရှင်းတစ်ခုအကြောင်း ကြားလိုက်ရပါတယ်။

ဒါကတော့ ကိုယ်မသေသေးကြောင်း မိသားစုတွေ၊ မိတ်ဆွေတွေကို အချိန်နဲ့အမျှ အသိပေးနေရတဲ့ အပ်ပ် (App) တစ်ခုတဲ့။ ဒါဟာ ဘာအဓိပ္ပာယ်ပါလိမ့်။ ကိုယ့်ရဲ့ တည်ရှိနေမှုကို ပတ်ဝန်းကျင်က အသိအမှတ်မပြုတော့တာ၊ လူအုပ်ကြီးကြားမှာ ကိုယ့်ရဲ့ ပျောက်ဆုံးနေမှုကို နည်းပညာနဲ့ အသည်းအသန် ပြန်လည်သက်သေပြနေရတာပါ။

ကိုယ်သေသွားရင်တောင် ဘေးအိမ်ကလူက သိမှာမဟုတ်သလို ကိုယ်ရှင်နေတာကိုလည်း ဘယ်သူမှ ဂရုမစိုက်တဲ့ မြို့ပြရဲ့ အေးစက်စက်အမှောင်ထုကို ဒီအပ်ပ်လေးနဲ့ ခုခံနေပုံပါ။

ကျွန်တော် တွေးကြည့်မိတာက ကျွန်တော်တို့ဟာ ကိုယ်နဲ့မသက်ဆိုင်တဲ့အရာတွေအတွက် စိတ်ဒုက္ခခံနေရခြင်းအကြောင်း ဖြစ်ပါတယ်။ အဲဲဒီများပြားလှတဲ့ လူတွေဟာ ကိုယ်နဲ့ ဘာမှသက်ဆိုင်ခြင်းမရှိပေမဲ့ အဲဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။

မီးပွိုင့်ဟာ သက်ရောက်မှုတွေထဲက တစ်ခုပေါ့။ မီးပွိုင့်ဆိုတာဟာ ကျွန်တော်တို့ တစ်ဦးချင်းစီအတွက်တော့ သက်ဆိုင်ခြင်း မရှိပါဘူး။ မလိုအပ်ပါဘူး။ ဒါပေမဲ့ လူအများကြီးပေါင်းစုလိုက်ရင်တော့ မီးပွိုင့်တွေ ထားပေးရတာပါ။ ဒါမှပဲ လမ်းတွေပေါ်မှာ စနစ်တကျချောချောမွေ့မွေ့သွားလာနိုင်မှာပါ။

မြို့ရဲ့ နိုင်ငံတကာလေဆိပ်ကြီးကနေ လေယာဉ်ပျံတစ်စီး ဝူးခနဲ ဝေါခနဲ ပျံတက်သွားတိုင်း၊ ဒါမှမဟုတ် နိုင်ငံတကာလေယာဉ်တွေ ထိုးဆိုက်လာတိုင်း ဆူညံသံကို ကျွန်တော်တို့ ခံစားရတယ်။ အဲဒီလေယာဉ်တွေက ကျွန်တော့်တို့အတွက် တစ်နှစ်မှာ တစ်ခါနှစ်ခါတောင် အသုံးမပြုတဲ့အရာတွေပါ။ ဒါပေမဲ့ အဲဒီဆူညံသံတွေကို မိနစ်နဲ့အမျှ ကျွန်တော်တို့ ခံယူနေရလိမ့်မယ်။ လမ်းပေါ်က ယာဉ်ရထား သွားလာသံတွေလည်း ထိုနည်းတူပါပဲ။

မိတ်ဆွေတစ်ယောက်နဲ့တွေ့ဖို့ အခန်းကနေ ကျွန်တော် ထွက်လာခဲ့တယ်။ လမ်းတစ်လျှောက်မှာ မီးပွိုင့်တွေအပြင် ကျွန်တော်နဲ့ ဘာမှမဆိုင်လှတဲ့ လူတွေ၊ ယာဉ်တွေ၊ အဆောက်အုံတွေများစွာကို ဖြတ်သန်းရတယ်။

မြို့ကြီးမှာ ကျွန်တော် တစ်ခါမျှ မရောက်ဖူးတဲ့၊ ရောက်ဖို့လည်း မလိုတဲ့ တိုက်တာတွေ၊ အဆောက်အအုံတွေ အများကြီး။ အဲဒါတွေက ကိုယ်နဲ့ဘာမှမဆိုင်ပေမဲ့ သူ့ချည်းသက်သက် ရှိနေတာတော့ မဟုတ်ဘူးပေါ့။ တစ်နေရာရာကို သွားတိုင်း အဲဒီဟာတွေကို တွေ့နေရတာ၊ ပလက်ဖောင်းပေါ်မှာ တိုးဝှေ့နေရ၊ ရှောင်လွှဲနေရတယ်မဟုတ်လား။ ဒါက မြင်သာတဲ့သက်ရောက်မှုပါ။

တစ်ခါ အဲဒီလို ကြီးမားစည်ကားလှတဲ့ မြို့ပြယန္တရားကြီး လည်ပတ်နိုင်ဖို့အတွက် ကျွန်တော်တို့က ကြားကနေ စိုက်ထုတ်ပေးနေရတာတွေ အများကြီး ရှိပါတယ်။

ကျွန်တော်တို့ဟာ အိမ်ခန်းခတွေ၊ စားသောက်စရိတ်တွေ ကြီးမြင့်စွာ ကျခံပေးနေရသလို စိတ်ပိုင်းဆိုင်ရာအရလည်း မသက်ဆိုင်တဲ့ အရာတွေအတွက် ပေးဆပ်နေရပါတယ်။

ယာဉ်ရထားတွေ၊ လူအုပ်တွေကနေ ထွက်လာတဲ့ မသန့်ရှင်းတဲ့လေထုကြောင့် ဖြစ်လာတဲ့ ရောဂါတွေ၊ ဝေဒနာတွေကို ကုစားဖို့ ငွေကုန်ကြေးကျတွေ ရှိတယ်။

ကျွန်တော်တို့ တစ်ခါမှမရောက်ဖူးတဲ့ ဈေးဝယ်ကုန်တိုက်ကြီးတွေ၊ ခမ်းနားတဲ့ အဆောက်အအုံကြီးတွေ၊ ကျယ်ပြောတဲ့လမ်းမကြီးတွေ၊ အမိုက်စား ခုံးတံတားကြီးတွေ ဒီဟာတွေအတွက် အခွန်အခတွေပေးရတယ်၊ တိုက်ရိုက်မပေးရဘူးဆိုရင်တောင် ကျွန်တော်တို့ ဝယ်ယူသုံးစွဲတဲ့ ကုန်ပစ္စည်းတွေ၊ အစားအသောက်တွေကနေတစ်ဆင့် တစ်ဖက်လှည့်နဲ့ ပေးရပါတယ်။

တစ်ခါ မြို့ပြမှာ နေထိုင်တဲ့အခါ လူအများနဲ့ ရောနှောနေရတာကြောင့် ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှု၊ ဖုန်း၊ ကား စတာတွေကို အဆင့်အတန်းတစ်ခုမှာ ရှိနေအောင် ထိန်းသိမ်းရတဲ့ စရိတ်တွေ ရှိပါတယ်။ ဒီဟာက တချို့သူတွေအတွက်ဆို ပမာဏတော်တော်ကြီးတဲ့ စရိတ်ပါ။

ဆိုရရင် မြို့ပြမှာ နေရတာဟာ အသင်းဝင်ကြေးခပ်များများ ပေးထားရတဲ့ ကလပ်တစ်ခုမှာ နေရသလိုပါပဲ။ ကလပ်ထဲက ဝန်ဆောင်မှုတွေကို သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ အဲဒီ ဝင်ကြေးကိုတော့ ပုံမှန်ပေးနေရတာပါ။

ဒီလိုတွေဆိုလို့ မြို့ကြီးပြကြီးရဲ့မကောင်းကြောင်းကို ကျနော်က ကွယ်ရာမှာ အတင်းတုပ်နေပုံနဲ့ တူနေသလားပဲ။ အဲဒီလိုမဆိုလိုပါဘူး။ မြို့ကြီးတွေမှာ ကျွန်တော်တို့အတွက် ရစရာ၊ ယူစရာ၊ အသုံးချစရာတွေလည်း မနည်းမနောပါ။ လူတစ်ဦးချင်းစီရဲ့ ဘဝဆန္ဒ၊ လက်တွေ့လိုအင် ဒါတွေအပေါ်မူတည်ပါလိမ့်မယ်။

ဒါပေမဲ့ အခြားတစ်ဖက်က ဆင်ခြင်ရန်များဆိုသလိုပါပဲ။ ရတာတစ်ခုတည်းကိုပဲ ကွက်ပြီး မြင်နေဖို့တော့ မသင့်လှဘူးပေါ့။ ကျွန်တော်တို့ မသိလိုက်မသိဘာသာ၊ သတိမထားမိစွာနဲ့ ကျွန်တော်တို့ဆီကနေ ယုတ်လျော့သွားတဲ့၊ အခိုးခံရနေရတဲ့အရာတွေကိုလည်း ရှာဖွေကြည့်သင့်တာပါပဲ။

ပညာရှင် ရော်ဘင်ဒန်ဘာဆိုသူရဲ့ သီအိုရီအရ လူတစ်ယောက်ဟာ လူပေါင်း ၁၅၀ ခန့်နဲ့ပဲ တကယ်ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်တာမို့၊ မြို့ပြရဲ့ လူသန်းပေါင်းများစွာကြားထဲမှာ ကျွန်တော်တို့ဟာ သေးသိမ်အထီးကျန်သလို၊ ပျောက်ဆုံးနေသလို ခံစားမိသွားစေပါတယ်။

ကိုယ့်ကို ဘယ်သူမှ မသိတဲ့ ရပ်ဝန်းဟာ လုံခြုံမှုကို မဖြစ်စေဘဲ စိတ်ကို တဖြည်းဖြည်း ထိခိုက်စေပါတယ်။ မလုံခြုံမှုကို ခံစားရတဲ့အခါ ဘာဆက်ဖြစ်မှာပါလိမ့်။

ကျွန်တော့်အမြင်မှာတော့ လူဟာ အဲဒီမလုံခြုံမှုကို ဖုံးကွယ်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာအရ အမြဲမပြတ် ရုန်းကန်နေရတော့တာပါပဲ။ အဲဒီရုန်းကန်မှုဟာ ပြင်းထန်တဲ့ လှုပ်ရှားမှုမျိုးတော့ မဟုတ်ပါဘူး။ ‘ငြိမ်သက်ခြင်း ပျောက်ဆုံးသွားတာ’ပါ။

ထိုင်ခုံကလေးမှာ အေးအေးဆေးဆေး မထိုင်နိုင်တော့တာ။ စားသောက်ဆိုင်မှာ အရသာရှိတဲ့ အစားအစာကို စိတ်အေးလက်အေး မစားနိုင်ဘဲ ဖုန်းပွတ်နေမိတာ၊ ဆိုရှယ်မီဒီယာပေါ်မှာ တစ်ဦးတစ်ယောက်ရဲ့ အာရုံစိုက်မှုကို တောင်းခံနေတာ၊ ရှာဖွေနေတာ၊ ညဘက်တွေမှာ အိပ်မပျော်နိုင်ဘဲ အတွေးပေါင်းစုံနဲ့ လုံးချာလိုက်နေတာ၊ လူအများရဲ့ အထင်ကြီးမှုကို ရဖို့အတွက် ကိုယ့်မှာမရှိတာတွေကို ရှိသယောင် ကြွားဝါရတာ၊ ပုံဖော်ရတာ၊ ဒါတွေဒါတွေဟာ မလုံခြုံမှုကနေ တွန်းပို့တဲ့ အကျိုးဆက်တွေလေလားလို့ ကျွန်တော် တွေးမိပါတယ်။

ဒါတွေဟာ တကယ်တော့ မြို့ပြရဲ့ လူစိမ်းဆန်မှုကြားမှာ ‘ငါရှိနေတယ်’ဆိုတာကို အတင်းအဓမ္မ သက်သေပြဖို့ ကြိုးစားနေရတဲ့ ရုန်းကန်မှုတွေများလားပေါ့လေ။

လူမှုဗေဒပညာရှင် လူဝီဝတ်ဆိုသူကတော့ ရွာမှာရှိတဲ့ ဆက်ဆံရေးတွေဟာ တစ်ဦးချင်းစီရဲ့ ဘဝကို အသိအမှတ်ပြုတဲ့ ပဓာနကျတဲ့ဆက်ဆံမှုတွေလို့ ဆိုပါတယ်။ ရွာမှာ နေထိုင်ကြီးပြင်းခဲ့ ငယ်ငယ်ကအခြေအနေကို ပြန်ပြောင်းအောက်မေ့မိတယ်။

ရွာမှာ အိမ်ကထွက်လိုက်တာနဲ့ မြင်သမျှလူတိုင်းဟာ ဆွေမျိုး၊ သူငယ်ချင်းတွေချည်းပဲ။ “ဟေ့… ဘယ်သွားမလို့လဲ” လို့ မေးလိုက်တဲ့ စကားတစ်ခွန်းဟာ မြို့ပြက လူစိမ်းတွေကြားမှာ ပျောက်ဆုံးနေတဲ့ တစ်စုံတစ်ရာကို ပေးပါတယ်။

အဲဒီတစ်စုံတစ်ရာက နွေးထွေးမှုလား၊ လုံခြုံမှုလား၊ ဘာလားညာလားဆိုတာကို အနုမစိတ်နိုင်ပေမဲ့ အရသာတစ်ခုတော့ ရှိနေပါတယ်။ မီးပွိုင်မဲ့အရပ်ရဲ့ အရသာပေါ့လေ။

ငြိမ့်လွင့်