ငါးမျက်နှာဘုရားဖူးလာသော ကားတစ်စီး ထိုင်းနိုင်ငံ ဖစ်ချဘွန်ခရိုင်ရှိ အဝေးပြေးလမ်းမတွင် တိမ်းမှောက်ရာ ကားပေါ် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၁ နာရီခွဲခန့်က ဖစ်ချဘွန်ခရိုင် စရီထေ့ဒေရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ဗန်ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်မြောင်းထဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ကားတိမ်းမှောက်မှုကြောင့် ကားသမားအပါအဝင် မြန်မာနိုင်ငံသား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့က စရီထေ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။
ကားသည် အယုဒ္ဓယမြို့မှ ဖစ်ချဘွန်ခရိုင်ရှိ ငါးမျက်နှာဘုရားဖူးရန် သွားနေစဉ် ကားတစ်စီး အရှေ့ကို ရုတ်တရက် ကျော်တက် လာသဖြင့် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း ကားသမား၏ ဖြေကြားချက်ကို ဖော်ပြသည်။
လက်ရှိတွင် ကားမှောက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဆိုသည်။
ဒီဇင်ဘာလ ၃၀ ရက် ညပိုင်းကလည်း ချွန်ဘူရီခရိုင်မှ ဖေ့ချဘွန်ခရိုင်ရှိ ငါးမျက်နှာဘုရားဖူးရန်လာသော ပစ်ကပ်ကားတစ်စီး လမ်းဘေးမြောင်းထဲ ပြုတ်ကျမှုကြောင့် မြန်မာနိုင်ငံသား ခြောက်ဦး သေဆုံးခဲ့သေးသည်။
Ref: စရီထေ့လူမှုကယ်ဆယ်ရေးအသင်း၊ Phetchabun News







