မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်အာဏာရှင် ခမရ ၅၈၆ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သား ၃ ဦးကို ရေးဘီလူးအဖွဲ့က ဖမ်းမိသဖြင့် ထိန်းသိမ်းထားသည်ဟု ရေးဘီလူးအဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့က ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၆ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၃ ဦးသည် ရေးဘီလူးတပ်ရင်း ရှေ့တန်းစစ်မျက်နှာနေရာသို့ ထွက်ပြေးလာကြသည့်အတွက် ရေးဘီလူးအဖွဲ့ကဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
“ခမရ ၅၈၆ တပ်ရင်းက တပ်သား ၃ ဦးက ကျွန်တော်တို့ ရေးဘီလူး တပ်ရင်း စစ်မျက်နှာ ဖွင့်ထားတဲ့ နယ်နမိတ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့အတွက် ကျွန်တော်တို့တပ်ရင်းက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။ ထွက်ပြေးလာတဲ့ ၃ ယောက်မှာ လက်နက်တွေ ဘာတွေတော့ ပါမလာဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၃ ဦးသည် စစ်မှုထမ်းအပတ်စဉ် ၁၂ မှ အသက် ၂၄ နှစ်အရွယ် တပ်သား အောင်သန်းဦး၊ အသက် ၂၉ နှစ်အရွယ် တပ်သား ရန်နိုင်ဝင်း၊ အသက် ၂၃ နှစ်အရွယ် တပ်သား ချစ်ထွန်းတို့ ဖြစ်ကြသည်ဟု ရေးဘီလူးအဖွဲ့က ဆိုသည်။
ရေးမြို့နယ်အတွင်း အခြေစိုက်တပ်စွဲထားသည့် စစ်အာဏာရှင် တပ်ရင်း တပ်စခန်းတို့မှ တပ်သား ထွက်ပြေးလာရင်း ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်ရှိသလို ရေးဘီလူးအဖွဲ့နှင့် ချိတ်ဆက်ပြီး ခိုလှုံလာမှုလည်း မကြာခဏရှိနေသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရေးမြို့နယ်အခြေစိုက် စကခ ၁၉ က စစ်အာဏာရှင်တပ်သား ၆ ဦး ရေးဘီလူအဖွဲ့ထံ အလင်းဝင်ခဲ့ပြီး ဧပြီလအတွင်းကလည်း ရေးမြို့နယ် ကျောင်းရွာကျေးရွာအခြေစိုက် အမှတ် ၅၉၁ ခြေမြန်တပ်ရင်းက တပ်သားတစ်ဦး ထွက်ပြေးလာသည်ကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ရေးဘီလူးအဖွဲ့က စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ၎င်းတို့အဖွဲ့နှင့် ဆက်သွယ်ပြီး အချိန်မရွေး အလင်းဝင်နိုင်ကြောင်း ထုတ်ပြန် တိုက်တွန်းထားပြီး လက်ရှိအချိန်ထိ ရေးဘီလူးအဖွဲ့ထံ အလင်းဝင်လာသည့် စစ်အာဏာရှင်တပ်သားများနှင့် တပ်က ထွက်ပြေးလာရင်း ရေးဘီလူးအဖွဲ့က ဖမ်းဆီးရမိသည့် တပ်သား ၂၀ ဦးထက်မနည်း ရှိနေဟု သိရသည်။







