BREAKING
December 3, 2025

ထိုင်းတောင်ပိုင်း ရေဘေးသင့် မြန်မာလုပ်သားများ CI စာအုပ်ပျက်စီးပါက ပြန်လျှောက်ထားနိုင်

December 1, 2025

ရေကြီးမှု ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့သော စွန်ခရာခရိုင် ဟတ်ယိုင်မြို့အပါအဝင် ထိုင်းတောင်ပိုင်း ခရိုင်များတွင် နေထိုင်သော မြန်မာအလုပ်သမားများ CI စာအုပ်ပျက်စီးသွားပါက ပြန်လည်လျှောက်ထားနိုင်ကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက ယနေ့ (ဒီဇင်ဘာ ၁) ရက်စွဲဖြင့် ထုတ်ပြန်သည်။

ယင်းခရိုင်နေ မြန်မာအလုပ်သမားများ အနေဖြင့် CI စာအုပ် ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊ ငွေသွင်းထားသော ချလန်များ ပျောက်ဆုံးခြင်းတို့ရှိပါက နီးစပ်ရာ CI စာအုပ်ထုတ်ပေးရေးစခန်းများတွင် သွားရောက်လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် CI စာအုပ်ထုတ်ပေးရေးစခန်းများကို ချင်းမိုင်၊ စမွတ်စခွန်၊ စမွတ်ပရကန်နှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်ထားပြီး ကရာဘီခရိုင်တွင်လည်း မိုဘိုင်းစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ထားခြင်းဖြစ်သည်။

CI စာအုပ်ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်မရှိသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ခရီးသွားလက်မှတ်အဖြစ် ထုတ်ပေးထားသော စာအုပ်ဖြစ်ကာ သက်တမ်း ၄ နှစ်ရှိသည်။

CI စာအုပ်သက်တမ်းတိုးလိုသော မြန်မာအလုပ်သမားများအနေဖြင့် စခန်းလေးခုနှင့် မိုဘိုင်းစခန်းတစ်ခုကို ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ဖွင့်လှစ်ပေးမည်ဖြစ်သဖြင့် အချိန်မီ သက်တမ်းတိုးလုပ်ဆောင်ကြရန် သတိပေးထားသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ရိုက်ထားသော မြန်မာအလုပ်သမားများအတွက်မူ CI စာအုပ်အသစ် ထုတ်ပေးမည့်အချိန်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ထိုင်းတောင်ပိုင်း ခရိုင်များတွင် ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ရာနှင့်ချီရှိခဲ့ပြီး မြန်မာအလုပ်သမားများစွာလည်း ရေဘေးဒုက္ခခံစားခဲ့ရကြောင်း မြန်မာအလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

ထိုင်းတောင်ပိုင်းတွင် ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၁၇၀ အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး အစိုးရဘက်က တရားဝင် သေဆုံးမှုအရေအတွက်ကို ထုတ်ပြန်ပေးရန် အတိုက်အခံပါတီများဘက်ကလည်း တိုက်တွန်းထားသည်။