ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတောင်ပိုင်းတွင် မြန်မာဆယ်ကျော်သက်သုံးဦးကို ပွဲစားက စွန့်ပစ်

October 1, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖတ်ထလူခရိုင်တွင် အလုပ်လုပ်ရန်အတွက်လာသော မြန်မာနိုင်ငံသား ဆယ်ကျော်သက်သုံးဦးကို ပွဲစားက စွန့်ပစ်ခဲ့သဖြင့် နီးစပ်ရာ အကူအညီတောင်းခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၃၀ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသားသုံးဦးသည် တုန်လှုပ် ငိုယိုနေသည့်ပုံစံဖြင့် ဆီဆိုင်တစ်ဆိုင်ထဲ ဝင်လာပြီး ဝန်ထမ်းများထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အသက် ၁၃ နှစ်၊ ၁၅ နှစ်နှင့် ၁၈ နှစ်အရွယ်များဖြစ်ကြသည့် ၎င်းတို့သုံးဦးသည် ထိုင်းနိုင်ငံသို့ ရောက်ရှိသည်မှာ နှစ်ရက်ခန့်သာရှိသေးပြီး အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ပွဲစားကို တစ်ဦးလျှင် ဘတ် နှစ်သောင်းစီ ပေးချေထားပြီးဖြစ်ကြောင်း ဆိုသည်။

မည်သည့်အလုပ် လုပ်ရမည်ကိုလည်း မသိဘဲ ဘန်ကောက်မှတစ်ဆင့် ပွဲစားခေါ်ဆိုထားသည့် ဖတ်ထလူခရိုင်သို့ အဝေးပြေးဘတ်စ်ကားဖြင့် လိုက်ပါလာခဲ့ကြောင်း ဖော်ပြသည်။

လမ်းတွင် ပွဲစားနှင့်အဆက်အသွယ်ရရှိပြီး ၎င်းတို့သုံးဦးရောက်ရှိနေသည့် ဆီဆိုင်တွင် ဆင်းရန် ပြောဆိုသဖြင့် ဆင်းနေခဲ့ရာ ပွဲစားကို မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းနောက် ကြောက်လန့်ကာ ဆီဆိုင်ဝန်ထမ်းများကို လက်ဟန်ခြေဟန်ဖြင့် ပြောဆို အကူအညီတောင်းခံခဲ့ကြောင်း ဆိုသည်။

ဝန်ထမ်းများက ရဲတပ်ဖွဲ့ထံ အကြောင်းကြားပေးခဲ့ပြီး ရဲတပ်ဖွဲ့က ဘာသာပြန်တစ်ဦး၏ အကူအညီဖြင့် မေးမြန်းမှသာ ပွဲစားက စွန့်ပစ်သွားခြင်း ခံရသည်ကို သိရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့ကလည်း ပွဲစားဖြစ်သူ၏ ဖုန်းကို ဆက်သွယ်ခဲ့ရာ မြန်မာနိုင်ငံသား သုံးဦးသည် ထိုင်းသို့ တရားဝင် ဝင်လာသူများဖြစ်ပြီး စာရွက်စာတမ်းများမှာ ၎င်း၏ လက်ထဲတွင် ရှိသည်ဟု ဖုန်းမှတစ်ဆင့် ပြောဆိုခဲ့ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ပွဲစားဖြစ်သူသည် ထိုင်းစကားကျွမ်းကျင်သော မြန်မာနိုင်ငံသားတစ်ဦး ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

ရဲတပ်ဖွဲ့က မြန်မာသုံးဦးကို ခေါင်ချိုင်စွန်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့သည် တရားဝင် စာရွက်စာတမ်းများ ရှိမရှိ စစ်ဆေးနေဆဲဖြစ်ကာ ပွဲစားနှင့် ချိန်းဆိုထားဆဲဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားသုံးဦး၏ ဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ၎င်းတို့သည် လမ်းခရီးတွင် ကျန်ခဲ့ခြင်း ရှိမရှိ၊ ပွဲစား၏ စွန့်ပစ်ခံရခြင်း ရှိမရှိ၊ လူကုန်ကူးခံရခြင်း ရှိမရှိ စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရလည်း အသက် ၁၅ နှစ်အောက် ကလေးငယ်များကို အလုပ်လုပ်ခွင့်တားမြစ်ထားကြောင်း ဖော်ပြသည်။

မြန်မာသုံးဦးအနက် နှစ်ဦးမှာ မောင်နှမဖြစ်သည်။ ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရမူ အသက် ၁၅ နှစ်အောက် ကလေးငယ်များကို အလုပ်လုပ်ခွင့်တားမြစ်ထားသည်။

Ref: Khaosod, Phatthalung News