အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်၊ ဆီဒိုအာဂျိုမြို့တွင် စက်တင်ဘာလ ၃၀ ရက်က အစ္စလာမ်ဘာသာရေး ကျောင်းဆောင်တစ်ခု ပြိုကျခဲ့ပြီး ပိတ်မိနေသည့် ကလေးငယ်များကို အပူတပြင်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။
အင်္ဂါနေ့ ညနေပိုင်းအထိ သေဆုံးရုပ်အလောင်း သုံးလောင်းကို တွေ့ရှိထားပြီး သေဆုံးသူ အရေအတွက် ထပ်တိုးလာဖွယ် ရှိကြောင်း အာဏာပိုင်များက ပြောသည်။
အခြားကလေးငယ် ၉၉ ဦးမှာ ဆေးရုံတင်ထားရပြီး အချို့မှာ ဒဏ်ရာ စိုးရိမ်ရကြောင်းလည်း အာဏာပိုင်များက ဆိုသည်။
ပျောက်ဆုံးနေသူ ဦးရေ အနည်းဆုံး ၉၁ ဦး ရှိပြီး ၎င်းတို့ကို အပူတပြင်း ရှာဖွေနေဆဲ ဖြစ်သည်။
ပြိုကျခဲ့သည့် အဆိုပါ ဘာသာရေးကျောင်းဆောင်၏ အပေါ်ထပ်မှာ ဆောက်လုပ်နေဆဲ အခြေအနေရှိပြီး အောက်ထပ်တွင် ကလေးများ ဝတ်ပြုဆုတောင်းနေစဉ် ပြိုကျခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ အများစုမှာ ကျောင်းသားများ ဖြစ်ပြီး ကျောင်းသူများမှာ အဆောက်အအုံ၏ အခြားတစ်ဘက်တွင် ဆုတောင်းနေချိန်ဖြစ်၍ အသက်အန္တရာယ်လွတ်မြောက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစ္စလာမ်ဘာသာရေးကျောင်းရှိ ကျောင်းသားကျောင်းသူများမှာ အသက် ၁၂ နှစ်မှ ၁၇ နှစ်အတွင်း ရှိသည်။
ပြိုကျခဲ့သည့် အဆိုပါ နှစ်ထပ်အဆောက်အအုံမှာ အုတ်မြစ်မခိုင်သဖြင့် ဆောက်လုပ်ဆဲ အပေါ်ထပ်၏ အလေးချိန်ကို မတောင့်ခံနိုင်ကြောင်း အင်ဒိုနီးရှားအစိုးရ ဘေးအန္တရာယ်လျှော့ချရေးဌာနက ထုတ်ပြန်သည်။
အပျက်အစီးပုံကြားထဲတွင် အသက်ရှင်နေသူများရှိနေသေးသည့် လက္ခဏာ တွေ့ရကြောင်း ဒေသခံရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။








အပျက်အစီးပုံကြားထဲမှ ပိတ်မိနေသူများ၏ ငိုသံနှင့် အော်သံများကို အပြင်ကပင် ကြားရကြောင်း အာဏာပိုင်များက ပြောဆိုသည်။
အခင်းဖြစ်ပွားရာ နေရာတွင် ကျောင်းသားမိဘများ ညလုံးပေါက် လာရောက်စောင့်ဆိုင်းနေခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးသမား ဒါဇင်ပေါင်းများစွာကလည်း အသက်ရှင်ကျန်ရစ်သူများကို ညတွင်းချင်း ရှာဖွေလျက်ရှိသည်။
သို့သော် အဆောက်အအုံမှာ နောက်ထပ်ပြိုကျလာနိုင်သည့် အန္တရာယ်ရှိသောကြောင့် အင်္ဂါနေ့ ညပိုင်းတွင် ရှာဖွေရေး လုပ်ငန်းများကို ယာယီရပ်နားထားခဲ့ရသေးကြောင်း အာဏာပိုင်များက ပြောသည်။ ယနေ့တွင်မူ ရှာဖွေကယ်ဆယ်ရေးများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဆိုသည်။
Source: The Guardian ၊ AP ၊ BBC