BREAKING
December 3, 2025

ဖိလစ်ပိုင်တွင် ငလျင်ကြောင့် သေဆုံးသူ ၇၀ နီးပါးရှိလာ

October 1, 2025

ဓာတ်ပုံ - Associated Press

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် စက်တင်ဘာလ ၃၀ ရက် ညက အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၆၉ ဦးအထိ ရှိလာပြီဖြစ်သည်။

မဂ္ဂနီကျုဒ် ၆ ဒသမ ၉ အဆင့်ရှိ အဆိုပါငလျင်သည် ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လူဦးရေ ကိုးသောင်းခန့်ရှိသည့် ဆီဘူးပြည်နယ်၊ ဘိုဂိုမြို့သည် ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ထိခိုက်ခံစားခဲ့ရသည့် မြို့ဖြစ်သည်။

ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ဘိုဂိုမြို့တွင် အိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ နိုက်ကလပ်များ ပြိုကျကာ ပိတ်မိနေသူ အရေအတွက်ကို တိတိကျကျ မသိရသေးကြောင်း အာဏာပိုင်များက ပြောသည်။

ငလျင်ဒဏ်ကြောင့် သေဆုံးသူအားလုံး၏ ထက်ဝက်ခန့်မှာ ဘိုဂိုမြို့ခံများ ဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

ငလျင်၏ ဗဟိုချက်မှာ ဘိုဂို၏ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာရှိ ပင်လယ်ထဲမှ ငလျင်ပြတ်ရွေ့ကြောင်းတစ်ခုပေါ်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ကြမ်းပြင်အောက် အနက် ၃ မိုင်အတွင်း လှုပ်ခတ်ခဲ့ခြင်း ဖြစ်၍ အန္တရာယ်ကြီးသည့် ငလျင်တစ်ခုဟု AP သတင်းတွင် ဖော်ပြသည်။

ယနေ့ ဗုဒ္ဓဟူးနေ့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အပူတပြင်း ဆောင်ရွက်နေဆဲ ဖြစ်သည်။

စစ်သားများ ၊ ရဲများ ၊ အရပ်သားစေတနာ့ဝန်ထမ်းများ ပါဝင်သည့် ရှာဖွေကယ်ဆယ်ရေးသမားများက ဘက်ဟိုးများနှင့် အနံ့ခံရှာဖွေရေး ခွေးများကို သုံးကာ အသက်ရှင်ကျန်ရစ်သူများကို တစ်အိမ်ပြီးတစ်အိမ် လိုက်လံရှာဖွေနေဆဲ ဖြစ်သည်။

အာဏာပိုင်များ၏ ခန့်မှန်းချက်အရ ဘိုဂိုမြို့တွင် သေဆုံးသူ အ‌ရေအတွက် ဆက်လက်မြင့်တက်နေဖွယ် ရှိသည်။

မိုးရွာသွန်းမှုနှင့် လမ်းတံတားများ ပျက်စီးမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အခက်တွေ့နေကြောင်း အာဏာပိုင်များက ပြောသည်။

Source: Associated Press