ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် ပျောက်ဆုံးနေသော ထားဝယ်ဒေသခံ ကလေးနှစ်ဦးကို ယနေ့ ဇူလိုင်လ ၃၁ ရက် ညပိုင်းတွင် ပြန်တွေ့ပြီဖြစ်ကြောင်း မိခင်ဖြစ်သူနှင့် ကူညီစောင့်ရှောက်ပေးထားသူတို့ထံမှ သိရသည်။
အသက် ၁၃ နှစ်အရွယ် မပန်းအိနှင့် အသက် ၈ နှစ်အရွယ် မဖြိုးဖြိုးတို့နှစ်ဦးသည် ဇူလိုင်လ ၃၀ ရက် နေ့လယ်ပိုင်းမှစ၍ နေထိုင်ရာအခန်းမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
မိခင်ဖြစ်သူ အလုပ်က အပြန် ည ၇ နာရီတွင် ကလေးနှစ်ဦးကို အခန်းတွင် မတွေ့တော့သဖြင့် အနီးအနားတွင် လိုက်လံစုံစမ်း ရှာဖွေခဲ့ကြောင်း မိခင်ဖြစ်သူက ပြောသည်။
၎င်းတို့နှစ်ဦးကို ဇူလိုင်လ ၃၁ ရက် ညနေ ၄နာရီအထိ ပြန်ရှာမတွေ့သဖြင့် စိတ်ပူပန်လာပြီး အွန်လိုင်းမှတစ်ဆင့် ရှာဖွေနိုင်ရန် Dawei Watch သို့ ဆက်သွယ်လာသဖြင့် တွေ့ရှိပါက အကြောင်းကြားနိုင်ရန် မိခင်ဖြစ်သူထံ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်နှင့်တကွ သတင်းရေးသားဖော်ပြခဲ့သည်။
သတင်းရေးသားပြီး နာရီပိုင်းအကြာတွင် ကလေးနှစ်ဦးကို ကူညီစောင့်ရှောက်ပေးထားသော မြန်မာနိုင်ငံသားများက ကလေး နှစ်ဦးစလုံး ဘေးကင်းလုံခြုံကြောင်းပြောပြီး မိခင်ဖြစ်သူထံ ဖုန်းဆက်သွယ်ခဲ့ကြောင်း မိခင်ဖြစ်သူက ဒေါ်ခင်အေးက ပြောသည်။
“ကျွန်မကလေးနှစ်ဦးစလုံး ပြန်တွေ့ပါပြီရှင်။ အခုပဲ ကျွန်မကလေးတွေကို သွားခေါ်ပြီး ပြန်လာခဲ့တယ်။ ကလေးတွေက အိမ်ပြန်မယ်ပြောပြီး လမ်းမကြီးအတိုင်းပဲ လမ်းလျှောက်သွားတာတဲ့။ လူကောင်းသူကောင်းတွေနဲ့ တွေ့ပြီး ကူညီစောင့်ရှောက်ပေးထားကြတာ အများကြီး ကျေးဇူးတင်ပါတယ်ရှင်” ဟု ဒေါ်ခင်အေးက ပြောဆိုသည်။
ကလေးနှစ်ဦးသည် မြန်မာနိုင်ငံရှိ မွေးရပ်ဇာတိသို့ ပြန်မည်ဟုဆိုကာ ဇူလိုင်လ ၃၀ ရက် နေ့လယ်ပိုင်းကတည်းက အခန်းမှထွက်ပြီး လမ်းမကြီးအတိုင်း လမ်းလျှောက်ထွက်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဇူလိုင်လ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် ကလေးနှစ်ဦး လမ်းမကြီးအတိုင်း လမ်းလျှောက်နေသည်ကို တွေ့ရသဖြင့် မေးမြန်းရာ မြန်မာကလေးငယ်မှန်းသိရသဖြင့် အန္တရာယ်မဖြစ်စေရန် မြန်မာနိုင်ငံသားများက ခေါ်ယူစောင့်ရှောက်ထား ကြောင်း ကူညီစောင့်ရှောက်ရာတွင် ပါဝင်သည့် မြန်မာအမျိုးသားတစ်ဦးက ပြောသည်။
“လမ်းမှာဆက်သွားနေရင် ကလေးတွေအတွက် အန္တရာယ်အရမ်းများတယ်လေ။ ကလေးတွေကို ချော့မော့ပြီး အန္တရာယ် မဖြစ်စေရဘူးလို့ အာမခံပြီးတော့ အခန်းခေါ်ပြီး စောင့်ရှောက်ပေးထားလိုက်တယ်။ နောက်မှ ကူညီမယ့်သူကို ဆက်သွယ် လိုက်မေးရင်းနဲ့ သတင်းတက်လာတော့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး သူ့အမေဆီကို ပြန်ထည့်ပေးလိုက်ပြီပေါ့နော်” ဟု ၎င်းက ဆိုသည်။
ကလေးငယ်များ နေထိုင်သော နေရာနှင့် ခေါ်ယူစောင့်ရှောက်ထားသည့်နေရာမှာ ဆိုင်ကယ်ဖြင့် ၁၅ မိနစ်ခန့် မောင်းရသည့် အကွာအဝေးတွင် ရှိကြောင်း ၎င်းက ပြောဆိုသည်။
ကလေးငယ်နှစ်ဦးက မြန်မာပြည်ပြန်လိုသဖြင့် လမ်းမကြီးအတိုင်း လမ်းလျှောက်လာခြင်းဖြစ်သည်ဟု ဆိုကြောင်း အထက်ပါ မြန်မာအမျိုးသားက ပြောသည်။
ကလေးနှစ်ဦးစလုံးကို မိမိကလေးငယ်များနှင့် ကိုယ်ချင်းစာပြီး ကူညီစောင့်ရှောက်ခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူထံ အန္တရာယ်ကင်းကင်းနှင့် ပြန်လည်အပ်နှံနိုင်သဖြင့် ကျေနပ်မိကြောင်း ၎င်းက ပြောဆိုသည်။
ကလေးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူတို့သည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဝဇွမ်းတောရွာ ဇာတိဖြစ်ကြောင်း သိရသည်။