ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ပန်းရောင်ကတ်ပြုလုပ်ချိန် တစ်နေ့ ဘတ် ၂ သိန်းခန့် အလုပ်သမားများထံမှ လာဘ်စားခဲ့သော မှတ်ပုံတင်ဌာနက ဌာနမှူးတစ်ဦး ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူသည် Mr. Boonyarit Nipwanit ဖြစ်ပြီး ချင်းမိုင်ခရိုင် စန်စိုင်းဒေသရှိ မှတ်ပုံတင်စီမံခန့်ခွဲ့ရေးဌာနက ဌာနမှူးတစ်ဦးဖြစ်ကာ လာဘ်ပေးလာဘ်ယူမှုဖြင့် တရားရုံး၏ ဝရမ်းအရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများ ပန်းရောင်ကတ်ပြုလုပ်ချိန်တွင် ဌာနမှူးသည် အလုပ်သမားတစ်ဦးလျှင် ဘတ် ၂၀၀ နှုန်းဖြင့် ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အကယ်၍ ငွေမပေးပါက ပန်းရောင်ကတ်ပြုလုပ်ချိန် နောက်ဆုံးမှ ပြုလုပ်ပေးခြင်း၊ ပန်းရောင်ကတ်ပြုလုပ်သော လူအရေအတွက်အတိုင်း ထွက်မလာတော့ပဲ ငွေမပေးသူများကို ချန်ထားခဲ့ခြင်းကဲ့သို့ ကြုံရကြောင်း သတင်းတွင် ဖော်ပြသည်။
ယင်းအပြင် ပန်းရောင်ကတ်ပြုလုပ်သော အလုပ်သမားများ၏ စာရွက်စာတမ်းများကလည်း အတုဖြစ်ကြောင်း စွပ်စွဲပြီး ဌာနမှူးက ခြိမ်းခြောက်ငွေတောင်းခံခဲ့သည်။
ယင်းဖြစ်စဉ်ကို မကျေနပ်သော အလုပ်ရှင်တစ်ဦးက လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေးဌာနကို တိုင်ကြားခဲ့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ယင်းနယ်မြေတွင် ပန်းရောင်ကတ်ပြုလုပ်သူ တစ်နေ့လျှင် ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ ကျော်ရှိသည့်အတွက် ဌာနမှူးက တစ်နေ့ဝင်ငွေ ဘတ် ၂ သိန်းကျော် ရရှိနေကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေး၍ သက်သေအထောက်အထားများကို စုစည်းကာ တရားရုံးသို့ တင်သွင်းခဲ့ပြီးနောက် ဝရမ်းအရ ဖမ်းဆီးနိုင်ခဲ့သည်။
Ref: Thairath, Thai PBS