ယနေ့ မေလ ၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အနေဖြင့် ဘန်ကောက်တွင် ချီတက်တောင်းဆိုပွဲနှင့် အခြားလှုပ်ရှားမှုများတွင် ထိုင်းရောက်မြန်မာအလုပ်သမားများလည်း ပါဝင်ကြောင်း တက်ရောက်လာသော မြန်မာအလုပ်သမားများထံမှ သိရသည်။
ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ပြုလုပ်သော မေဒေးနေ့ အလုပ်သမားအရေးချီတက်တောင်းဆိုပွဲနှင့် အခြားလှုပ်ရှားမှုများကို ထိုင်းအလုပ်သမားအဖွဲ့များနှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ပါဝင်လာသည်ကို တွေ့မြင်ရသည်။
တက်ရောက်လာသူများသည် ဘန်ကောက်မြို့ရှိ Central World စျေးဝင်စင်တာရှေ့မှ Bangkok Art and Culture Centre (BACC) အထိ လမ်းလျှောက်ချီတက်ခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်သူများထံမှ သိရသည်။
ချီတက်ပွဲကို တက်ရောက်လာသော မြန်မာအလုပ်သမားများသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအပါအဝင် အခြားအလုပ်သမားအရေး တောင်းဆိုချက်များပါသော စာတမ်းများကို ကိုင်ဆောင်၍ ပါဝင်ခဲ့သည်ကို တွေ့ရသည်။











အထူးသဖြင့် ဗီဇာသက်တမ်းတိုးထားသော မြန်မာအလုပ်သမားများအနေဖြင့် စစ်ကောင်စီသံရုံးထံ ငွေပေးရန်မလိုဘဲ ယခင်ပုံစံအတိုင်း သက်တမ်းတိုးခွင့်ပြုပေးရန်၊ မြန်မာအလုပ်သမားများကိုလည်း စုရုံးတောင်းဆိုခွင့်ပြုရန်အပါအဝင် အချက်များကို တောင်းဆိုခဲ့ကြောင်း တက်ရောက်လာသူထံမှ သိရသည်။
အထူးသဖြင့် မြန်မာနိုင်ငံသားများကို မုန်းတီးရေးလှုံ့ဆော်နေမှုများလည်း ရှိလာသဖြင့် စိုးရိမ်မိကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါလှုပ်ရှားမှုကို Bright Future အဖွဲ့ခေါင်းဆောင် ကိုစူရတ်အပါအဝင် မြန်မာအလုပ်သမား ၇၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။
ထိုင်းနိုင်ငံထဲတွင် ထိုင်းအလုပ်သမားများသာ ရှိခြင်းမဟုတ်ပဲ ရွှေ့ပြောင်းအလုပ်သမားများလည်း ရှိနေပြီး တိုင်းပြည် စီးပွားရေးကို အကူအညီပေးနေသဖြင့် ဖိနှိပ်ခြင်း မပြုလုပ်ကြရန် တက်ရောက်လာသော ထိုင်းအလုပ်သမား အဖွဲ့အစည်းများကလည်း တောင်းဆိုခဲ့သည်။
ချီတက်တောင်းဆိုပွဲအပြီး BACC အရှေ့သို့ အရောက်တွင် ထိုင်းအတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီလွှတ်တော်အမတ် အပါအဝင် အလုပ်သမားအဖွဲ့အစည်းများ၏ အဖွဲ့ဝင်များက ဆွေးနွေးပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။