BREAKING
May 1, 2025

မေဒေး အထိမ်းအမှတ် ဘန်ကောက်ချီတက်ပွဲတွင် မြန်မာလုပ်သားများအရေးတောင်းဆို

May 1, 2025

ဓါတ်ပုံ - CJ

မြန်မာအလုပ်သမားများအား ဗီဇာသက်တမ်းတိုး လုပ်ငန်းစဉ်အဆင့်လျှော့ချပေးရေးအပါအဝင် အချက်သုံးချက်ကို ယနေ့ မေလ ၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အထိမ်းအမှတ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ချီတက်တောင်းဆိုပွဲတွင် တောင်းဆိုခဲ့သည်။

အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဘန်ကောက်မြို့ လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင် (အနုစာဝရီ) မှစတင်၍ လမ်းလျှောက်ချီတက် တောင်းဆိုနေခြင်း ဖြစ်သည်။

ချီတက်တောင်းဆိုပွဲတွင် ထိုင်းအလုပ်သမားအဖွဲ့အစည်းများနှင့်အတူ မြန်မာအလုပ်သမားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခြင်းဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံသား ရာနှင့်ချီ လာရောက်စုဝေးတောင်းဆိုနေကြောင်း သိရသည်။

မြန်မာအလုပ်သမားများအား ဗီဇာ သက်တမ်းတိုးသည့် လုပ်ငန်းစဉ်များကို အဆင့်လျှော့ချပေးရန်၊ ငလျင်ကြောင့် ပြိုကျ အဆောက်အအုံထဲ သေဆုံးသွားသော မြန်မာအလုပ်သမားများ၏ မိသားစုဝင်များကို ကူညီပံ့ပိုးရန်နှင့် နစ်နာကြေးပေးအပ်ရန် အပါအဝင် အချက်သုံးချက်ကို မြန်မာအလုပ်သမားများကိုယ်စား တောင်းဆိုကြောင်း ရွှေ့ပြောင်းလုပ်သားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) ၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အလုပ်သမားနေ့မှာ ကျွန်တော်တို့ မြန်မာအလုပ်သမားတွေဘက်ကလည်း ထိုင်းအစိုးရကို တင်ပြတောင်းဆိုချင်တာတွေကို ပါဝင်တောင်းဆိုထားတာဖြစ်ပါတယ်” ဟု MWSC အဖွဲ့က အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တောင်းဆိုချက်များတွင် ILO က ပြဌာန်းထားသော လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ဆိုင်ရာ သဘောတူညီချက် အမှတ် ၈၇ နှင့် ၉၈ တို့ကို ထိုင်းအစိုးရဘက်က လက်မှတ်ထိုးပေးရန်လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။