ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ခိုလှုံနေသော မြန်မာလူလတ်တန်းစားများအတွက် စီးပွားရေးအခွင့်အလမ်းနှင့် ကျွမ်းကျင်အလုပ်အကိုင်ဆိုင်ရာ ဗီဇာစည်းမျဉ်းသစ်များ ဖန်တီးပေးရန် သုတေသနအဖွဲ့ဖြစ်သော Surin Pitsuwan Foundation က တိုက်တွန်းလိုက်သည်။
၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းအထိ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံမှ ရှောင်တိမ်းလာသည့် ဘွဲ့ရကျွမ်းကျင်လုပ်သားဦးရေ အနည်းဆုံး ၆,၀၀၀ အထိ ရှိနိုင်ကြောင်း Surin Pitsuwan Foundation အဖွဲ့က ထုတ်ပြန်သည်။
အထူးသဖြင့် ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့ ကျွမ်းကျင်ပညာရှင်များ၊ CDM ဝန်ထမ်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ NGO ဝန်ထမ်းများ၊ အနုပညာရှင်များနှင့် တက္ကသိုလ်ကျောင်းသားများသည် အာဏာသိမ်းပြီးနောက်ပိုင်း ချင်းမိုင်မြို့သို့ ပြောင်းရွှေ့လာခဲ့ကြကြောင်း သုတေသနအစီရင်ခံစာတွင် ဖော်ပြသည်။
အဆိုပါ သုတေသနစာတမ်းကို ကျွမ်းကျင်ပညာရှင် ၅၉ ဦး၊ တက္ကသိုလ်ကျောင်းသား ၁၂၉ ဦးနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးတို့ကို မေးမြန်းပြုစုထားခြင်းဖြစ်ပြီး မတ်လနောက်ဆုံးအပတ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ချင်းမိုင်သို့ ရွှေ့ပြောင်းလာသော မြန်မာနိုင်ငံသားများအနက် ၄၆ ရာခိုင်နှုန်းသည် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ချင်းမိုင်မြို့သို့ ရောက်ရှိလာသူများဖြစ်ပြီး အများစုမှာ လုံခြုံရေးအခြေအနေနှင့် စစ်မှုထမ်းဥပဒေကြောင့်လည်းကောင်း၊ သားသမီးများ၏ ပညာရေးအတွက်လည်းကောင်း၊ ပထဝီအနေအထားအရ နီးစပ်မှုကြောင့်လည်းကောင်း ပြောင်းရွှေ့လာကြခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းတို့သည် သက်ဆိုင်ရာနယ်ပယ်အလိုက် ဘွဲ့ရထားသည့် ကျွမ်းကျင်လုပ်သားများ ဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ တင်းကျပ်သော ဥပဒေများကြောင့် မိမိတို့ တတ်ကျွမ်းသော ပညာရပ်ဖြင့် အသက်မွေးခွင့်မရကြကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော ဆရာဝန်အချို့မှာ ထိုင်းဥပဒေအရ တားမြစ်ချက်များကြောင့် ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေရပြီး မီးဖိုချောင်အတွင်း အချိန်ကုန်နေကြရကြောင်း သုတေသနစာတမ်းက ဆိုသည်။
ဆက်သွယ်ရေးအင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များသည်လည်း ချင်းမိုင်သို့ ရောက်ရှိလာကြပြီး ကော်ဖီဆိုင်နှင့် ကိုယ်ပိုင်လုပ်ငန်းအသေးစားများကိုသာ လုပ်ကိုင်နေကြရကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ကျွမ်းကျင်လုပ်သားအချို့သည် ဘန်ကောက်နှင့် အခြားနိုင်ငံများသို့ ပြောင်းရွှေ့သွားကြသလို ထိုင်းနိုင်ငံသားအများစုမှာလည်း အင်္ဂလိပ်ဘာသာစကား အခက်အခဲရှိနေကြောင်း ဖော်ပြသည်။ ထို့ကြောင့် နိုင်ငံတကာဝန်ဆောင်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံသားများက ဝင်ရောက်ဖြည့်စွက် လုပ်ကိုင်ပေးနေကြရကြောင်း ဆိုသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်များသည်လည်း ထိုင်းဥပဒေနှင့်အညီ စီးပွားရေးလိုင်စင်ရယူကာ လုပ်ကိုင်နေကြသော်လည်း ရဲတပ်ဖွဲ့ကဲ့သို့သော အာဏာပိုင်များကို လစဉ်ကြေးအဖြစ် ဘတ် ၆,၀၀၀ အထိ ပေးချေနေရဆဲဖြစ်ကြောင်း ထောက်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းမိုင်တွင် မြန်မာစီးပွားရေးလုပ်ငန်း ၁၁၀ ကျော်အထိ ရှိလာပြီး ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် ပိုမိုများပြားလာခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ချင်းမိုင်သို့ ပြောင်းရွှေ့လာသော မြန်မာနိုင်ငံသားများသည် ရွှေ့ပြောင်းအလုပ်သမားများ (Migrant Workers) သာမဟုတ်ဘဲ ကျွမ်းကျင်လုပ်သားနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်နေသဖြင့် ပညာရေးဗီဇာ (ED Visa) နှင့် ရေတိုစီးပွားရေးဗီဇာများမှာ ၎င်းတို့နှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
ယင်းကြောင့် ဒစ်ဂျစ်တယ်နည်းပညာနှင့် နိုင်ငံခြားသား အလုပ်ခန့်ထားမှုဆိုင်ရာ ဗီဇာစည်းမျဉ်းသစ်များကို ဖန်တီးပေးရန် Surin Pitsuwan Foundation အဖွဲ့က တိုက်တွန်းထားခြင်းဖြစ်သည်။
ချင်းမိုင်သို့ ပြောင်းရွှေ့ခိုလှုံလာသော မြန်မာလူလတ်တန်းစားများသည် ချင်းမိုင်မြို့၏ ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ၊ ပညာရေးနှင့် ကျန်းမာရေးကဲ့သို့သော အဓိကစီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြုပေးနေကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။



