ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က ဘုရားသုံးဆူအနီးကို လေယာဉ်ဖြင့် ဗုံးကြဲ၍ အမျိုးသမီးနှစ်ဦး သေဆုံး

April 1, 2026

ပုံစာ - ဒေသခံ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး မက္ကသာဘက်တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်းရှိ မက္ကသာဘက်ကို မတ်လ ၃၁ ရက်နေ့ မွန်းတည့်ခန့်တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၃၀ ကျော် အရွယ် အမျိုးသမီး နှစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။

“လေယာဉ်နဲ့ ရွာထဲကို လာပစ်သွားတာ။ ရွာထဲမှာဆိုတော့ လူတွေ ထိခိုက်ကုန်တာပေါ့။ ဆိုင်လည်း ထိသွားတာရှိတယ်။ သေဆုံးတာကတော့ အမျိုးသမီး နှစ်ဦးပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

KNU ထိန်းချုပ်နယ်မြေဖြစ်ပြီး သတ္တုခဲမိုင်းတွင်း တည်ရှိသည့် ဘုရားသုံးဆူမြို့အနီးမှ မက္ကသာပတ်ဝန်းကျင်ကို စစ်အာဏာရှင်တပ်က မကြာခဏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီလကလည်း မက္ကသာအနီးရှိ ခဲသတ္တုမိုင်းနေရာနှင့် အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းအပြင် ၂၀၂၂ ခုနှစ်အတွင်းကလည်း မက္ကသာကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သတ္တုမိုင်းလုပ်ကွက်ရှိ တရုတ်နိုင်ငံသားများအပါအဝင် မိုင်းလုပ်သားအချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။