လတ်တလော ကြုံတွေ့နေရသည့် စက်သုံးဆီအခက်အခဲကြောင့် မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၃,၈၀၀ အထိ ဈေးနှုန်းမြင့်တက်လာသည်ဟု ဒေသခံများထံမှ သိရသည်။
စက်သုံးဆီ ဝယ်ယူရန် ခက်ခဲလာခြင်းနှင့် ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီများနှင့် မီးလင်းရေးကော်မတီတို့က ဧပြီလမှစတင်ကာ မီတာခကို တစ်ယူနစ်လျှင် ကျပ် ၃,၈၀၀ သို့ပြောင်းလဲကောက်ခံမည်ဟု ကြေညာထားသည်။
“၃ လပိုင်းက သုံးစွဲထားတဲ့ မီတာခကို ဒီ ၄ လပိုင်းမှာ ကောက်မှာပေါ့။ အခုကောက်မယ့် မီတာခကို တစ်ယူနစ် ၃,၈၀၀ နဲ့ ကောက်မယ်ဆိုပြီး ကြေညာထားတယ်။ မီတာခက အတက်တွေချည်းပါပဲ” ဟု ရေးမြောက်ပိုင်းမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့် ရေးမြို့နယ်တွင် လျှပ်စစ်မီးကို ပုဂ္ဂလိကကုမ္ပဏီနှင့် ကိုယ်ထူကိုယ်ထ ဖြန့်ဖြူးသူများထံမှ ဈေးကြီးပေးကာ သုံးစွဲနေကြရခြင်းဖြစ်သည်။
စစ်တပ်အာဏာမသိမ်းမီက လျှပ်စစ်မီတာခမှာ တစ်ယူနစ်လျှင် ကျပ် ၃၀၀ နှင့် ၅၀၀ အကြားသာ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း မီတာခဈေးနှုန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာရာ ယခုအခါ တစ်ယူနစ် ကျပ် ၃,၈၀၀ အထိ ဖြစ်လာခြင်းဖြစ်သည်။
လျှပ်စစ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီများက စက်သုံးဆီ ဝယ်ယူရရှိမှုအပေါ် မူတည်ပြီး မီတာခဈေးနှုန်း အပြောင်းအလဲ လုပ်ဆောင်သွားမည်ဟုလည်း ကြေညာထားသည်။
ရေးမြောက်ပိုင်းတွင် လျှပ်စစ်ဖြန့်ဖြူးပေးနေသည့် SMD ကုမ္ပဏီက “စက်သုံးဆီ ဝယ်ယူရရှိမှု အခြေအနေပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲကို ဆက်လက်အသိပေးသွားမယ်” ဟု ဆိုထားသည်။
ယင်းအပြင် စက်သုံးဆီ ဝယ်ယူရရှိရန် အခက်အခဲရှိသည့်အတွက် လျှပ်စစ်မီးကို အချိန်ပိုင်းသာ ဖြန့်ဖြူးပေးတော့မည်ဖြစ်သည်။
စက်သုံးဆီ ဝယ်ယူရခက်ခဲသည့်အပြင် လျှပ်စစ်မီတာခပါ မြင့်တက်လာခြင်းကြောင့် လျှပ်စစ်ဖြင့် လည်ပတ်ရသည့် လုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေရသည့်အပြင် ကွမ်းသီးနှင့် ဒူးရင်းစိုက် တောင်သူများအတွက်လည်း အခက်အခဲဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီ နှစ်ခုရှိပြီး ရေးမြောက်ပိုင်းဒေသတွင်းရှိ ကျေးရွာများကို SMD ကုမ္ပဏီက ဖြန့်ဖြူးပေးနေကာ ရေးတောင်ပိုင်းဒေသတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကိုမူ မြတ်သူရထွန်း ကုမ္ပဏီက လျှပ်စစ်ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။







