ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်ပြည်နယ်တွင် စက်သုံးဆီဆိုင် ၄ ဆိုင် ယာယီပိတ်သိမ်းခံရ

April 1, 2026

ပုံစာ - ဆီပြတ်သည်ဆိုပြီး ပိတ်ထားသည့် ဆီဆိုင်တစ်ဆိုင်။ ဓာတ်ပုံ - ဒေသခံတစ်ဦး

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ၄ ဆိုင်ကို စစ်ကော်မရှင်က ယာယီပိတ်သိမ်းပြီး ဆိုင်တာဝန်ရှိသူများကိုလည်း အရေးယူထားကြောင်း သိရသည်။

ယာယီပိတ်သိမ်းခံရသည့် စက်သုံးဆီအရောင်းဆိုင်များသည် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ “စွမ်းမြန်မာ” စက်သုံးဆီအရောင်းဆိုင်၊ ညောင်ပင်ဆိပ်ရပ်ကွက်ရှိ “Parent Love – 01 စက်သုံးဆီအရောင်းဆိုင်၊ ကျိုက်မရောမြို့နယ်ရှိ “Purma Power” စက်သုံးဆီအရောင်းဆိုင်၊ ပေါင်မြို့နယ်ရှိ “မင်းသန့်-၉” စက်သုံးဆီအရောင်းဆိုင်တို့ ဖြစ်သည်။

ယာယီပိတ်သိမ်းခံရသည့် စက်သုံးဆီ အရောင်းဆိုင်များသည် ဆိုင်ပိတ်ထားခြင်း၊ Scan မဖတ်ဘဲ ရောင်းချခြင်း၊ ဈေးတင်ရောင်းချခြင်း၊ တရားမဝင်ရောင်းချခြင်းများကြောင့်ဖြစ်သည်ဟု စစ်ကော်မရှင်က ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ဆီဆိုင်တွေကို ကိုင်တွယ်သင့်နေတာကြာပေါ့။ ကျန်တဲ့ဆိုင်တွေကိုလည်း စိစစ်ပြီး အရေးယူသင့်တယ်။ တချို့ဆိုင်တွေဆို တန်းစီနေတဲ့လူတွေကို မဖြစ်စလောက်လေးရောင်းပေးပြီးတော့ မှောင်ခိုစျေးနဲ့ ထုတ်ရောင်းနေကြတာ။ တချို့ဆိုင်ဆိုရင်လည်း လစ်ရင် လစ်သလို ‌စျေးတင်ရောင်းကြတယ်။ ဆီပြတ်နေတယ်ဆိုပြီး မရောင်းပေးဘူး အဲလိုတွေရှိတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

စက်သုံးဆီအရောင်းဆိုင်များကို ယာယီပိတ်သိမ်းခြင်းနှင့်အတူ အရောင်းဆိုင်မှ တာဝန်ရှိသူများကို အရေးယူထားကြောင်း သိရသည်။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အပါအဝင် နေပြည်တော်၊ မန္တလေး၊ ရန်ကုန်က စက်သုံးဆီအရောင်းဆိုင်များလည်း ယာယီပိတ်သိမ်းခံရပြီး စုစုပေါင်း ၁၇ ဆိုင် ရှိသည်။

ယင်းအပြင် နေပြည်တော်က စက်သုံးဆီအရောင်းဆိုင် သုံးဆိုင်၊ ရန်ကုန်တိုင်းက အရောင်းဆိုင် လေးဆိုင်၊ မန္တလေးတိုင်းက အရောင်းဆိုင် ၁၀ ဆိုင်နှင့် တောင်ကြီးမြို့က အရောင်းဆိုင် ခုနစ်ဆိုင်တို့ကိုလည်း ပြင်းထန်စွာ သတိပေးထားသည်။

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိကြောင်း ထပ်မံ စိစစ်တွေ့ရှိရပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

စက်သုံးဆီအရောင်းဆိုင်များကို Bar Code/ QR Code များဖြင့် ရောင်းချနေမှုအခြေအနေကို Online Monitoring Center က စောင့်ကြည့်ကြပ်မတ်လျက်ရှိပြီး ဆိုင်ပိတ်ထားခြင်း၊ Scan မဖတ်ဘဲ ရောင်းချခြင်း၊ ဈေးတင်ရောင်းချခြင်း၊ တရားမဝင်ရောင်းချခြင်းများ ရှိပါက Call Center သို့ တိုင်းကြားနိုင်ပြီး စစ်ဆေးတွေ့ရှိပါက အရေးယူမှု ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။