စွမ်းအားပြင်းထန်တဲ့ လှုပ်ခတ်ခြင်းတွေဆိုတာ ဆိတ်ညံခြင်းများဆီ ကနေပဲထွက် ပေါ်လာလေ့ရှိပါတယ်။
နေ့ခင်းကြောင်တောင် ပူလောင်မှုဟာ ညမှောင်မှောင် ခြောက်ကပ်မှုထက် စိတ်ပျက်ညည်းငွေ့ဖွယ်ပါပဲ။ ဆည်းဆာကို အမြည်းမပါဘဲ မြိုချ၊ ချိုမြခဲ့ရတဲ့ ကာလ တွေလည်းကြာလှပါပြီ။ နွေရာသီဟာ ပူတာထက် မအေးတာကပိုဆိုးတယ်။ လူတွေကကော သဘာဝနဲ့ သဟဇာတဖြစ်ကြလို့လား။ အဆီအငေါ်တွေ တည့်မနေကြဘူးလေ၊ ရာသီဥတုနဲ့။
သစ်ပင်ပန်းမန် ကျေးငှက်သာရကာတွေလည်း ရာသီစက်ဝန်းနဲ့ ကပြောင်းကပြန်တွေဖြစ်ကြလို့။ အဆီအငေါ်မတည့်ကြပုံများ ဆောင်းကာလ အလယ်လောက်မှာ ကတည်းက ဥသြက ထ ထ တွန်နေပြီ။
နွေဦးစီချဥ်းနင်းလာပြီဖြစ်တဲ့ မနက်ခင်းတချို့ကျပြန် တော့ တကူကူ ကူး ကူး ချိုးငှက်သံသာ မြူးပြန်ရော။ ပိတောက်တွေ သစ္စာဖောက်နေတာသင်္ကြန်ကာလတွေမှာ သိသာတယ်။ မပွင့်ကြဘူး။ မိုးဦးလေဦးကျမှ တစ်လမ်းလုံး ဝါထိန်အောင် ပွင့်ကြ ကြွေကျနေကြတာ။
အဲသလို အဝါရောင်လမ်းကလေးတွေလည်း ပြန်မဆုံ နိုင်တာကြာပါပြီ။ ၅ နှစ်ကျော်ပြီ။ ဘယ်တော့များမှ အဆီအငေါ်တွေ တည့်ကြပါ့မလဲ တွေးမိရုံနဲ့ရင်မောတယ်။ ရွှေမြန်မာတောဆီက ချအနင်းခံ လူအစစ်အမှန်ထုထည်ကြီးများရဲ့ ပြင်းပြထက်သန်တဲ့ဆန္ဒတွေ၊ ရပိုင်ခွင့်တွေ အမြန်ဆုံး အဆီအငေါ်တည့် လာစေဖို့တော့ အရေးကြီးပါတယ်။
အတူတူချင်း ကူရင်း ထူရင်း အပူတပြင်းနဲ့ ရွေ့နေကြတာပါပဲ။ အရွေ့တွေသာ မတူရင်မတူမယ်၊ အမြန်၊ အနှေး၊ အဝေး၊ အနီး သူ့စည်းချက်နဲ့သူ ရှေ့ဆက်နေကြတာတွေ့တယ်။ ပွတ်တိုက်မိကြတာတွေရှိတယ်။ သတိကပ်ကြတာရှိတယ်။ ယတိပြတ်ကြတာလည်းရှိတယ်။ အရှိဖျက်ကြတာတော့ဆိုးပါတယ်။ ဦးတည်ရာတူကြတဲ့မျှော်လင့်ခြင်းစီကို ယုံကြည်ချက်တွေတော့ အဆီအငေါ်မတည့်ကြလို့ မဖြစ်ဘူးဆိုတာ မမှိတ်မသုန် ရင်ဘတ်တွေထဲမှာ လုံခြုံနေဖို့အဓိကပဲ။
ပြတ်ရွေ့ချင်းအတူတူ လားရာတူစုစည်းကြ။ တိုးတိတ်ညင်သာ ရွေ့တာ ရွေ့ပါစေ။ ခပ်သော့သော့နှင်သူနှင်ပါစေ။ မာကြောတာတွေ့ရင် အားအင်အကုန်ခံပြီး ဇွတ်အတင်း တွန်းတိုက်မနေပါနဲ့။ ဝေ့ဝိုက်စီးဆင်းလိုက်ပါ။ ရေလို ခင်းကျင်းပါ။ လိုအပ်လာတဲ့ အခါတော့ ကျောက်ဆောင်ကိုထိုးခွဲပိုင်းဖြတ်တဲ့ ရေလှိုင်းလိုပဲပေါ့။ အမြဲတမ်းပျော့ပြောင်း မနေဘူးလေ။ ညဟာတိတ်ဆိတ်သတဲ့လား။ နားထောင်ကြည့်ဖူးသလား။ တိတ်ဆိတ်ခြင်းတွေဆီက စူးရှကျယ်လောင်တဲ့အသံလှိုင်းတွေရှိတယ်။ နူးညံ့သိမ်မွေ့ပါတယ်။ နက်ရှိုင်းတယ်။ တိတ်တိတ်ကလေး ငြိမ်နေသလိုထင်ရပေမဲ့ ရုတ်ချည်းတုန်ခါ လှုပ်ခတ် ပွက်လောရိုက် ဆူညံသွားကြတဲ့ဖြစ်ရပ်အမှန်တွေကို အရှိအတိုင်း လက်ခံနှလုံးသွင်းဆင်ခြင်နေနိုင် ကြဖို့လိုပါတယ်။ သင်ခန်းစာယူတတ်ဖို့လိုတယ်။ လက်တွေ့ပြန်အသုံးချနိုင်ဖို့လည်းလိုတာပဲ။ ဘာ ကြာသေးလို့လဲ၊ တစ်နှစ်ပဲရှိသေးတဲ့ စစ်ကိုင်းငလျင်ကြီး။ အဖျက်စွမ်းအားကြီးမား လိုက်တာ။ နောက်ဆက်တွဲ ဆန့်ငင်ဆန့်ငင်ငလျင်လေးတွေတောင် အကြောမသေနိုင်ကြသေးဘူး။
ကမ္ဘာမြေကြီးရဲ့အောက်အတွင်းထဲမှာ ကျောက်လွှာချပ်တွေ မြေထုလွှာချပ်တွေဟာ အပူရှိန်ကြောင့် ရွေ့လျားနေကြတယ်။ တိတ်တိတ်လေးပဲ။ မြေပြင်ပေါ်မှာဘာအသံမှ မထွက်ဘူး။ ငြိမ်သက်ဖြောင့်ဖြူးလို့။ ဒါပေမဲ့ တကယ့်မြေအောက်အနက်ပိုင်းထဲမှာတော့ ကျောက်လွှာချပ်တွေ တစ်ခုနဲ့တစ်ခု ရွေ့လျားဖိအားတွေ စုစည်းနေကြတာ။ အဆီအငေါ် တွေ မတည့်ကြတော့တဲ့အခါ၊ အဆီအငေါ် မတည့်ပုံ၊ မတည့်နည်းတွေ အဆီအငေါ် တည့် သွားကြချိန်မှာ ထိတွေ့ပွတ်တိုက် ရိုက်ခတ်မိကြပြီ။ စုစည်းဖိအားတွေက မြေပြင်စီ ထိုးတက်လာကြပြီ။ မြေပြင်မှာ ပရမ်းပတာ ရမ်းခါ နာကျင်ထိခိုက်ပျက်စီးဆုံးရှုံးကြပြီ။ အဲဒါကို ငလျင်လို့ အမည်တပ်ကြသည်ပေါ့။
ဘာထူးလို့လဲ၊ အပူမျိုးစုံနဲ့ မြိုက်လောင်မောပမ်း နွမ်းလျနေကြရတဲ့ အဖိနှိပ်ခံ လူအစစ်အမှန်ထုထည်ကြီးဟာလည်း ပြတ်ရွေ့လွှာတွေလို ဟိုမှာသည်မှာ ရွေ့လျားနေကြတာပါပဲ။ ပြည်တော်မှာ အဆီအငေါ်မှ တည့်မနေကြတာကို။ ဖိအားတွေကြောင့်ပဲ ‘အား’ဖိနေကြရ။ ဒဏ်ရာတွေကနေပဲ သန်မာနေကြရ။ မကြာခင်မှာ တော့ ခါချဥ်ကောင် မာန်ကြီး၊ တောင် ကြီးဖြိုမယ့်ကြံ၊ ခါးက မသန်ဆိုတာ ထားခဲ့လိုက်ပါ။ ခါး မသန်ပေမဲ့ အား အမှန်တွေ စုစည်းနေကြပြီပဲ။ အဆီအငေါ်မတည့်ပုံမတည့်နည်း အဆီအငေါ်တည့်ကြဖို့ပဲ အရေးကြီးပါတယ်။
အခုလိုကာလ အဆီအငေါ်မတည့်ကြသူအချင်းချင်းတွေမှာ စပ်ပြဲလန် တွေပါမယ်။ ငန်တူးပေါက်တွေပါမယ်။ ရောက်တော့မယ့်ခရီးက သိပ် မနီးသေးဘူးဆိုပေမဲ့ သိပ်အဝေးကြီးလည်းဟုတ်မနေဘူး။
နေရာကွက်ကြားသာယာသူတွေ ပျော်ပါစေ။ ရွာရန် ရာ နှုန်းပြည့်ဆိုတာ သူတို့ မေ့ချင်မေ့ကြတဲ့အတိုင်း မေ့လျော့နေကြပါစေ။ ကိုယ်တွေအချင်း ချင်းသာ ကိုယ်တွေမှာ ကိုယ်တွေပဲရှိတာမဟုတ်လား။ ကိုယ်ချင်းစာတယ်ဆိုတာကကော ကိုယ့်အချင်းချင်းပဲ စာနာတာလား၊ ကိုယ်တွေချင်းပဲ ပတ်ပြီး စာနေကြတာလား၊ ကိုယ် တွေးမိတာပါ။ သဘာဝပါပဲလို့ဆိုပြန်တော့လည်း သဘာတွေကပဲ ဝ သွားကြသလား မေးချင်ပြန်ရော။
အမြင်သဘောတွေနဲ့ပဲ ရင်မောသူတွေက မောကြလို့။ သူတို့ကိုကြည့်မိ ပြီး မမောနိုင် မပမ်းနိုင်ကို မောနေကြသူများလည်းရှိနေတယ်။ ထားလိုက်ပါ။ ခဏနေရင် လျှောသွားကြမှာပါ။ လတ်တလော ကိုယ်တို့အနီးအနားမှာ၊ အရှေ့အလယ်ပိုင်းဒေသရပ် ဝန်းမှာ အဆီအငေါ်မတည့်ကြခြင်းရဲ့ လက်ငင်းရိုက်ခတ်ချက်တွေဟာ ကိုယ်တွေစီမှာလာ ပြီး အဆီအငေါ်တွေ တည့်နေကြပြီ။ ဟိုမှာ ရေနံကတကယ်မပြတ်သေးဘူး၊ လောင်စာဆီ ကို ကန့်သတ်လိုက်ကြတာ မြန်ချက်။ ကုန်စျေးနှုန်းတွေ ခုန်ပျံတက်။
အဆီအငေါ်မတည့် တဲ့မူဝါဒတွေ သေနတ်နဲ့ချမှတ်။ တစ်ဆင့်ကြီးကြပ် ကွပ်ကဲတဲ့အောက်လူတွေမှာတော့ ထုံးစံ အတိုင်း အဆီအငေါ်တွေ တည့်နေကျပဲပေါ့။ လူအစစ်အမှန်ထုကြီးသာ ကော့နေအောင် ခံကြရတာ။ အဲသလိုဖိအားတွေ များသည်ထက် များလာနေတာ။ တစ်နည်းတော့လည်း ကောင်းပါတယ်။ ကြွ တက်လာဖို့ တက်ကြွနေတယ်လို့ခံယူရမှာပဲ။
သည်ရက်ထဲ စစ်လွှတ်တော်တွေခေါ်ကြတယ်။ အဆီအငေါ်တွေ တည့်နေလိုက် ကြတာ၊ အဆီအငေါ်မတည့်သူချင်း အဆီအငေါ်မတည့်ပုံမတည့်နည်း အဆီအငေါ်တွေ တည့်နေကြတာကိုး။ ရှမ်းမြောက်မှာ ဟိုနှစ်ဖွဲ့ အဆီအငေါ်မတည့်ကြပြန်ဘူး။ တနင်္သာရီ မှာ ပွကညောချင်း အဆီအငေါ်မတည့်ကြဘူး။
ကော့ကရိတ်မှာ မြဝတီမှာ အဆီအငေါ် မတည့်ကြတဲ့ ဖဒိုတို့လည်း ကြာပြီ။ အညာစီက စစ်ကိုင်းဘက်က ချင်းတောင်ပေါ်က နာဂဘက်က အဆီအငေါ်မတည့်ကြတာတွေလည်း မြင်နေ ကြားနေရတာ အဆီအငေါ်တွေ တည့်မနေဘူး။ မျက်လုံးတစ်ဘက် အတွင်းတိမ်ခွဲစိပ်ပြီးကာစ မခွဲတဲ့တစ်ဘက်နဲ့ ခွဲတဲ့တစ်ဘက် စုံဖွင့်ပြီး ပြိုင်တူကြည့်ရတာ မြင်ရတွေ့ရပုံဟာ သိပ်အဆီအငေါ်မတည့်ဘူး။ မျက်မှန်ပါဝါပြန်ချိန်ညှိရမှာ။ အဲသလိုပဲ ကိုယ်တို့အဖိနှိပ်ခံ လူအစစ်အမှန်ထုကြီးက လည်း အောက်မှာ ကိုယ့်အရွေ့နဲ့ကိုယ် ဖိအားတွေစုစည်းနေကြတဲ့ ပြတ်ရွေ့လွှာတွေလို ပဲ။ အဆီအငေါ်မတည့်မှုတွေထဲမှာ အဆီအငေါ်တွေ တည့်ကြဖို့ ရွေ့လျားနေကြတာဟာ လားရာတူပဲမဟုတ်လား။
နွေဦးရာသီဟာ လက်ပံပွင့်တွေကို ချွေချခဲ့ပြီ။ သွေးချင်းချင်း နီခဲ့ရတာကို တေး သီချင်းတွေနဲ့ သီဖွဲ့ကျူးဆိုဂုဏ်ပြုကြဖို့ ဥသြရဲ့ လွမ်းမောဖွယ်တေးသံကို နောက်ခံဘက် ဂရောင်းထား။ ခွပ်ဒေါင်းတွေ တွန်ပါစေ။ လိမ္မော်ရောင် ညနေခင်းတွေမှာ ရင်ဘတ်ထဲက အဝါရောင်လမ်းလေးကို ချ ခင်းကြမယ်။
လေညှင်းအဖြန့် ခြေခင်းဆန့်တဲ့ မြေသင်းရနံ့လေးတွေကို ဆွတ်ပျံ့ကြည်နူးကြရမယ်။ မယ်ဇယ်ပင်တန်း နေခြည်ဆမ်းတဲ့ မြေနီလမ်းပေါ်မှာ ငုဝါပန်းတွေ ပေါက်ပန်းတွေ လမ်းသလားကြမယ်။ နွေဦးတွေ ဘယ်နှခါပဲကျော် ကျော် အဆီအငေါ်မတည့်ကြတာတွေ အဆီအငေါ်မတည့်ပုံမတည့်နည်း အဆီအငေါ်တည့်လာကြတဲ့အခါ နွေဦးဟာ ဘယ်လေရူးနဲ့မှ ပါသွားမှာမဟုတ်တော့ဘူး။
ကိုအားပို







