BREAKING
May 1, 2025

ရေး၊ ကျောင်းရွာ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး

April 1, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ကျောင်းရွာကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၀ နှစ်အရွယ် ဦးအေးမောင်သည် ယနေ့ နံနက် ၈ နာရီခန့်က ရွာရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်က ဒီမနက်မှာ ပစ်သတ်ခံရတယ်။ သူက လက်ဖက်ရည်ဆိုင်မှာရှိနေတဲ့အချိန်မှာ ဟိုက လာပစ်သွားတယ်။ သုံး၊ လေးချက် ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဦးအေးမောင်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ဦးအေးမောင်သည် ခမရ-၅၉၁ တပ်ရင်း လက်အောက်ခံ ပြည်သူစစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျောင်းရွာနယ်မြေတစ်ခွင်က ပြည်သူလူထုအပေါ် ငွေကြေးတောင်းယူနေသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးအေးမောင်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ကိုပါ ဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၈ ရက်ကလည်း ရေးမြို့၊ အောင်သုခရပ်ကွက်ရှိ အရက်ဆိုင်တစ်ဆိုင်တွင် အရက်ထိုင်သောက်နေသည့် ရေးမြို့မရဲစခန်းမှ နယ်ထိန်းရဲ မျိုးသူကို ရေးဘီလူးအဖွဲ့က ပစ်ခတ် သတ်ဖြတ်ခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအပြင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးဆိုသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ ရှိသည်။