သံဖြူဇရပ်တွင် ကလေးသုံးဦးအပါအဝင် ရိုဟင်ဂျာ ၄၀ဦး ဖမ်းဆီးခံရ

0
2591

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ဓနိတောစပ်တနေရာတွင် ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းက ရိုဟင်ဂျာလူမျိုး ၄၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဓနိတောအစပ်တွင် ရိုဟင်ဂျာများ ရောက်ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့တို့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၂ ဦးနှင့် ကလေး သုံးဦးတို့ကို ဖမ်းဆီးရမိကြောင်း ဒေသခံတို့က ပြောသည်။

“သူတို့က စက်လှေနဲ့ ရောက်လာကြပြီးတော့ ဓနိတောမှာ နေနေတာ။ သူတို့ပြောတာက ထိုင်းကိုသွားဖို့ ရောက်လာတာလို့ ပြောတယ်။ ကလေးတွေလည်း ပါတယ်” ဟု ၎င်းဒေသခံက ပြောသည်။

၎င်းတို့မှာ ရခိုင်ပြည်နယ်ဘက်မှ လာကြခြင်းဖြစ်ပြီး ပွဲစားဖြင့် ထိုင်းနိုင်ငံသို့ဝင်ပြီး ထိုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဆက်သွားရန်ဖြစ်သည်ဟု သိရကြောင်း သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို သံဖြူဇရပ်မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင် နေကြောင်း ၎င်းတို့က ဆိုသည်။  

“သူတို့က ရခိုင်ကနေလာတာ။ ထိုင်းသွားမယ် အဲဒီကနေတစ်ဆင့် မလေးရှားသွားမယ်လို့တော့ ပြောတယ်။ စစ်ဆေးနေဆဲ” ဟု သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း မုဒုံနှင့် မော်လမြိုင်မြို့နယ်တို့တွင် ရေကြောင်းလမ်းမှ ရောက်ရှိလာသည့် ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းတွင် ရိုဟင်ဂျာလူမျိုးများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိနေသည့်အပြင် လမ်းခရီးတွင် သေဆုံးသွားသဖြင့် ပစ်ထားခံရသည့် ဖြစ်စဉ်အချို့လည်း ရှိခဲ့သည်။